ရွှေကူမြို့အနီး ကေအိုင်အေနှင့် တပ်မတော် တိုက်ပွဲဖြစ်
အောင်သူ
·
October 17, 2019
ကချင်ပြည်နယ် ဗန်းမော်ခရိုင် ရွှေကူမြို့ တောက်ဘက် ၁၀ မိုင်ခန့်အကွာမှာ နယ်မြေ လုံခြုံရေးဆောင်ရွက်နေတဲ့ တပ်မတော်စစ်ကြောင်းနဲ့ ကေအိုင်အေ တပ်မဟာ ၈ လက်အောက်ခံ တပ်ရင်း ၅ က တပ်ဖွဲ့ဝင်တချို့ အောက်တိုဘာ ၁၄ ရက် မနက်က တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ နှစ်ဖက်စလုံးက ဒီဗွီဘီကို အတည်ပြုပြောပါတယ်။
တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့အတွင်းရေးမှူးဗိုလ်မှူးချုပ်ဇော်မင်းထွန်းက“ကေအိုင်အေ ဘက်က တပ်ဖွဲ့ ၅ ဦးက လုံခြုံရေးဆောင်ရွက်နေတဲ့ တပ်မတော် စစ်ကြောင်းကို အရင်ပစ်တာကြောင့် ၁၀ မိနစ်ဝန်းကျင်လောက် အပြန်အလှန် ပစ်ခက်မှုတွေဖြစ်ခဲ့ပြီး ထိခိုက် သေဆုံးမှုတွေ မရှိခဲ့ဘူးလို့ပြောပါတယ်။ တပ်မတော်ရဲ့လုံခြုံရေး ဆောင်ရွက်တဲ့ စစ်ကြောင်းဖြစ်လို့ အင်အား များများစားစားမပါဘူး” လို့ ပြောပါတယ်။
ရွှေကူမြို့အောက်ဘက် ၁၀ မိုင်လောက်အကွာ ဧရာဝတီမြစ်ရဲ့ အနောက် ပထမ မြစ်ကျဉ်း နေရာမှာ တိုက်ပွဲဖြစ်ခဲ့တာလို့ ကေအိုင်အေဘက်က အတည်ပြုပြောပါတယ်။
အခုလို ပစ်ခတ်မှုဖြစ်ခဲ့တာကို အောက်ခြေတပ်ရင်းက အတည်ပြုပေမယ့် ဘာကြောင့် တိုက်ပွဲဖြစ်တာလဲဆိုတာကို အသေးစိတ်မတင်ပြသေးတာကြောင့် ဘယ်သူက စပစ်တယ်ဆိုတာကို ပြောဖို့ခက်တယ်လို့ ကချင်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) ပြန်ကြားရေးဌာန တာဝန်ရှိသူ ဗိုလ်မှူးကြီး နော်ဘူက ဒီဗွီဘီကို ပြောပါတယ်။
တပ်မတော်ဘက်က အပစ်ရပ်ထားတဲ့ ၉ လတာကာလအတွင်းမှာ တပ်မတော်နဲ့ ကေအိုင်အေ တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ခြင်းမရှိသလို အခုထိတွေ့တိုက်ပွဲကလည်း ၂၀၁၉ ခုနှစ်အတွင်း ပထမဆုံး ဖြစ်ပွားခဲ့တာပါ။