Homeမြန်မာသတင်း
ဦးရဲထွဋ်၊ ဦးလှဆွေနှင့် ဦးဘိုဘိုကျော်ငြိမ်းတို့ နိုင်လွတ်လုံ ဥပဒေနှင့် ငြိစွန်းခြင်းမရှိဟု ရဲစခန်းအကြောင်းပြန်
ဦးရဲထွဋ်၊ ဦးလှဆွေနှင့် ဦးဘိုဘိုကျော်ငြိမ်းတို့ နိုင်လွတ်လုံ ဥပဒေနှင့် ငြိစွန်းခြင်းမရှိဟု ရဲစခန်းအကြောင်းပြန်
နေဖြိုးဝင်း
·
October 16, 2019
ပြန်ကြားရေး၀န်ကြီးဟောင်း ဦးရဲထွဋ်၊ ဦးလှဆွေနဲ့ ဦးဘိုဘိုကျော်ငြိမ်းတို့ကို သူရဦးရွှေမန်း ယာဉ်မောင်းက ဖွင့်ထားတဲ့အမှုမှာ နိုင်လွတ်လုံ ဥပဒေနဲ့ မငြိစွန်းဘူးလို့ ပတ္တာရဲစခန်း တာဝန်ရှိသူတဦးက အကြောင်းပြန် ကြားလိုက်ပါတယ်။
သူရဦးရွှေမန်းရဲ့ ယာဉ်မောင်းဖြစ်သူကနေ ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးလှဆွေနဲ့ ဦးဘိုဘိုကျော်ငြိမ်းတို့ကို နိုင်ငံသားများရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာလွတ်လပ်မှုနဲ့ ပုဂ္ဂိုလ်ရေး ဆိုင်ရာလုံခြုံမှုကို ကာကွယ်ပေးရေးဥပဒေ ပုဒ်မ ၁၀ နဲ့ ဧပြီ ၃၀ ရက်ကတည်းက နေပြည်တော်ကောင်စီနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်၊ ပတ္တာရဲစခန်းမှာ အမှုဖွင့်ထားတာဖြစ်ပါတယ်။
အခုလို နိုင်လွတ်လုံဥပဒေပုဒ်မ ၁၀ နဲ့ အမှုဖွင့်ထားပေမယ့် ဥပဒေအကြံပြုချက်အရ အဲဒီပုဒ်မနဲ့ မငြိစွန်းဘူးလို့ ပတ္တာရဲစခန်း တာဝန်ရှိသူ တဦးက ပြောပါတယ်။
"အမှုက ပိတ်တယ်လည်း မဟုတ်ဘူး။ တရားလိုက ပိတ်တာလည်း မဟုတ်ဘူး။ စွပ်စွဲခံရသူ ဘက်က ပိတ်တာလည်း မဟုတ်ဘူး။ ဥပဒေအကြံပြုချက်က ဒီစွပ်စွဲခံရသူတွေအပေါ်မှာ နိုင်လွတ်လုံ ပုဒ်မနဲ့ ငြိစွန်းမှုမရှိဘူးဆိုပြီး ပြန်လို့ တရားမစွဲ တော့တာ။ တရားလိုဘက်က ဘာမှ မလာဘူး။ ဒါက ဥပဒေအကြံပြုချက်ကို ငြင်းဆန်လို့မှ မရတာ။ ရက်တော့ အတိအကျ မမှတ်မိတော့ဘူး။ သုံးပတ်လောက်ရှိပြီ "
လူထုမီဒီယာနဲ့ အင်တာဗျုးမှာ ပြောဆိုခဲ့တဲ့ ကိစ္စတွေနဲ့ပတ်သက်ပြီး ထိခိုက်မှုရှိတဲ့ အတွက် သူ့ကိုတရားစွဲဆိုတာဖြစ်ပြီး သူ့အနေနဲ့ အမှုကိုရင်ဆိုင်သွားမယ်လို့လည်း ဦးလှဆွေက မီဒီယာတွေကို ဖြေဆိုထားပါတယ်။
အခုလို သူ့ရဲ့ယာဉ်မောင်းဖြစ်သူက အမှုဖွင့်ထားတာကို သူ့ကိုယ်တိုင်မသိသလို မီဒီယာ ရေးသားဖော်ပြမှုနဲ့ ပတ်ဝန်းကျင်က ပြောဆိုတာတွေကြောင့်သာ သိခဲ့ရတာလို့ သူရဦးရွှေမန်းက သြဂုတ် ၄ ရက်နေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ မီဒီယာတွေကို ပြောပါတယ်။