လားရှိုးမြို့နယ်တွင် ကျေးရွာအုပ်ချုပ်ရေးမှူး ၁ ဦးပစ်သတ်ခံရ
နန်းမြနဒီ
·
October 16, 2019
ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့နယ်၊ နားကွန်းလုံအုပ်စု၊ မန်ကောင်းရွာက ကျေးရွာအုပ်ချုပ်ရေးမှူးဟာ အောက်တိုဘာ ၁၄ ရက် သန်းခေါင်ကျော်အချိန်က သူ့ရဲ့နေအိမ်မှာ သေနတ်နဲ့ အပစ်ခံရပြီး သေဆုံးသွားပါတယ်။
မန်ကောင်းရွာသူကြီး ဦးမာကု (အသက် ၆၀) ခန့်ဟာ အောက်တိုဘာ ၁၄ ရက် သန်းခေါင် ကျော်လောက်က ပစ်သတ်ခံရကြောင်း ရွာသားတွေက အကြောင်းကြားတဲ့အတွက် မနေ့မနက် ၇ နာရီလောက်က နားကွန်းလုံကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၊ ရဲတပ်ဖွဲ့ဝင်၊ စရဖ အဖွဲ့ဝင်တွေနဲ့အတူ သွားရောက်စစ်ဆေးပြီး အလောင်းကို လားရှိုးဆေးရုံရင်ခွဲရုံသို့ တင်ဆောင်လာခဲ့တယ်လို့ နားကွန်း ကျေးရွာအုပ်ချုပ်ရေးမှူး စိုင်းလှအောင်က ဒီဗွီဘီကို ပြောပါတယ်။
“သေဆုံးသူရဲ့အိမ်သားတွေ ပြန်ပြောပြတာကတော့ ညဉ့်သန်းခေါင်ကျော်အချိန် လူ လေးငါးယောက်က သူ့အိမ်ရှေ့ရောက်လာပြီး တံခါးဖွင့်ခိုင်းတယ်။ သူကြီးကတံခါးသွားဖွင့်ပေးတာနဲ့ သူ့နာမည်ခေါ်ပြီး တခါတည်းပစ်သတ်သွားတာတဲ့။ သေနတ်သံကြားတော့ သူ့သမီးနဲ့ သားမက်က အခန်းပြင်ဘက်ထွက်ကြည့်တော့ သူ့တို့အဖေက လဲကျနေပြီ။ သေနတ်နဲ့ပစ်တဲ့လူတွေလည်း ထွက်ပြေးသွားပြီလို့ ပြောတယ်။ သူတို့ပစ်သွားတာ ၇ ချက်၊ ၆ ချက်မှန်တယ်။ ခေါင်းမှာရော၊ ရင်ဘတ်မှာရော၊ ကျည်ခွံအရ သေနတ်က အမ်-၂၂ အမျိုးအစားလို့ ရဲတွေပြောတယ်။ ကျနော်တို့ လည်း သူ့အလောင်းကိုပြင်ဆင်ပေးပြီး လားရှိုးလူမှုကူညီရေးအဖွဲ့ကို အလောင်းလာကူသယ်ပေးဖို့ လှမ်းအကူအညီတောင်း လိုက်တယ်။ အခု လားရှိုးဆေးရုံ ရင်ခွဲရုံမှာပါခင်ဗျ။”
အပစ်ခံရတာနဲ့ပတ်သက်ပြီး သားဖြစ်သူက လားရှိုးရဲစခန်းမှာ တိုင်ချက်ဖွင့်ထား ကြောင်း၊ လူသတ်တရားခံ ဖမ်းဆီးရမိရေး ရဲတပ်ဖွဲ့ကလည်း စုံစမ်းနေတယ်လို့ သူက ဆက်ပြောပါတယ်။
သေဆုံးသူ ရွာလူကြီးဟာ လားဟူတိုင်းရင်းသားဖြစ်ပြီး ရွာသားတွေရဲ့ ရွေးချယ်တင်မြှောက်မှု ကြောင့် ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်ကစ ရွာသူကြီးဖြစ်လာကြောင်း၊ ရပ်ရွာအကျိုးအတွက် ကောင်းစွာ ဆောင်ရွက်ပြီး ရွာသားတွေနဲ့လည်း အဆင်ပြေစွာဆက်ဆံကာ ရန်သူမရှိလို့ ဘာကြောင့် လာပစ်သွားသလဲဆိုတာ စဉ်းစားလို့မရဘူးလို့ နားကွန်းအုပ်ချုပ်ရေးမှူးက ပြောပါတယ်။
ဒါပေမယ့် မူးယစ်ဆေးဝါးနဲ့ပတ်သက်ရင် ပြတ်ပြတ်သားသားအရေးယူတတ်လို့ အဲဒီ ကိစ္စမကျေနပ်လို့ လာရှင်းတာလို့လည်း ရွာသားတွေက သံသယရှိကြောင်း၊ သူကြီးကို လာခေါ်တဲ့ သေနတ်သမားဟာ လားဟူဘာသာစကားကို ပြောဆိုတယ်လို့ ဆိုပါတယ်။
မန်ကောင်းကျေးရွာဟာ လားရှိုးမြို့အနောက်မြောက်ဘက် ၁၇ မိုင်ခန့်အကွာ နားကောင်းလုံ ကျေးရွာအုပ်စုထဲမှာ ပါဝင်ပြီး အိမ်ခြေ ၂၀ ကျော်ခန့်သာရှိတဲ့ ရွာငယ်လေးဖြစ်ပါတယ်။
သူကြီးအပစ်ခံရပြီးတဲ့နောက် ရွာသားအချို့ဟာ ရွာမှာမနေရဲတော့ဘဲ နောင်လိုင်ကျေးရွာ ဘက်ကို ရွှေ့ပြောင်းလာနေကြပါတယ်။
ဓာတ်ပုံ - လားရှိုးလူငယ်များ လူမှုကူညီရေးအဖွဲ့