နမ့်ဆန်မြို့နယ်တွင် ဆိုင်ကယ်စီးလာသည့် သံဃာတော် ၃ ပါး မိုင်းနင်းမိပြီး ဒဏ်ရာရ
ခွန်ဇော်ဦး
·
October 15, 2019
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် လွယ်ကလေးကျေးရွာကနေ ဆိုင်ကယ်စီးလာတဲ့ သံဃာတော် ၃ ပါးဟာ လမ်းပေါ်မှာ မိုင်းနင်းမိလို့ ဒဏ်ရာရပြီး ကျောက်မဲဆေးရုံမှာ ဆေးကုသမှုခံယူနေပါတယ်။
မန္တလေးမြို့မှာ သီတင်းသုံးနေကြတဲ့ သံဃာတော် ၃ ပါးဟာ နမ့်ဆန်မြို့နယ် လွယ်ကလေးကျေးရွာမှာကျင်းပနေတဲ့ အာစရိယပူဇော်ပွဲကို အောက်တိုဘာ ၁၃ ရက်က သွားရင် လွယ်ပြတ်ကျေးရွာအနီး လမ်းမထက်မှာထောင်ထားတဲ့ မိုင်းကိုနင်းမိခဲ့တာပါ။
မိုင်းထိမိတဲ့ သံဃာ တပါးကတော့ နံကြားအတွင်း မိုင်းစဝင်သွားပြီး ကျန်တဲ့ နှစ်ပါးကတော့ ပြင်ပဒါဏ်ရာရရှိခဲ့တယ်လို့ သံဃာတော်တပါးက မိန့်ကြားပါတယ်။ မိုင်းထိဒါဏ်ရတဲ့ သံဃာတွေကို ဒေသခံအရပ်ဘက်အဖွဲ့အစည်းတွေ ဝိုင်းဝန်ကူညီပေးနေပါတယ်။
လက်ရှိ မိုင်းနင်းမိတဲ့နယ်မြေအတွင်းမှာ မြန်မာ့တပ်မတော် ၊ TNLA တအာင်းတပ်ဖွဲ့၊ RCSS/ SSA နဲ့ SSPP/SSA တပ်ဖွဲ့တွေရဲ့ စစ်ရေးလှုပ်ရှားမှုတွေ ရှိနေပါတယ်။ ဒါ့ကြောင့် အရပ်သားပြည်သူတွေ မိုင်းနင်း မိတဲ့ ဖြစ်စဉ်တွေဟာ မကြာခဏဖြစ်ပွားနေတယ်လို့ ဒေသခံတွေကပြောပါတယ်။
ကျောက်မဲခရိုင် မိုင်းလုံနယ်မြေမှာ ပြီးခဲ့တဲ့ အောက်တိုဘာ ၈ ရက်ကလည်း လက်ဖက်ခင်းသွားရင်း မိုင်းထိမိလို့ ဒေသ ၁ ဦးဒဏ် ရာရပြီး ၁ ဦးသေဆုံးခဲ့ပါတယ်။