Home
မြန်မာသတင်း
ကုန်သွယ်ခွန် ၅ ရာခိုင်နှုန်း ပြင်ဆင်ပေးရန် ကျောက်စိမ်းနှင့် ကျောက်မျက်ပြပွဲတွင် တင်ပြ 
DVB
·
October 12, 2019
မန္တလေးမြို့ convention center မှာ ပြုလုပ်မယ့် ကျောက်စိမ်းနဲ့ ကျောက်မျက်ပြပွဲမှာ ဝယ်ယူသူဘက်က ပေးဆောင်ရမယ့် ကုန်သွယ်ခွန်နဲ့ ငါးရာခိုင်နှုန်းနဲ့ ပတ်သက်ပြီး ပြင်ဆင်ပေးဖို့ တိုင်း‌ဒေသကြီးအစိုးရအဖွဲ့ထံ တင်ပြထားတယ်လို့ ပြပွဲကျင်းပရေးကော်မတီဝင်တွေက ပြောပါတယ်။ ဒီလိုရောင်းချရာမှာ ရောင်းချသူဘက်က ရတနာခွန် ၁၁ ရာခိုင်နှုန်း၊ အသင်းဝန်‌ဆောင်ခ ၂ ရာခိုင်နှုန်း ပေးဆောင်ရမှာဖြစ်ပြီး ကုန်သွယ်ခွန်အနေနဲ့ ဝယ်သူဘက်က ၅ ရာခိုင်နှုန်း ပေးဆောင်ရမယ်လို့ သိရပါတယ်။ ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ အစီအစဉ်နဲ့ နေပြည်တော် ကျောက်စိမ်းပြပွဲတွေမှာတော့ ဝယ်ယူသူဘက်က ကုန်သွယ်ခွန် ကင်းလွတ်ခွင့်ရခဲ့တယ်လို့ သိရပါတယ်။ ကျောက်စိမ်းတွဲ လက်ခံရေးနဲ့ ခင်းကျင်းရေးကော်မတီ တွဲဖက်အတွင်းရေးမှူး ဦးမောင်လွင် “ကုန်သွယ်ခွန် ငါးရာခိုင်နှုန်းနဲ့ ပတ်သက်ပြီး တိုင်းအစိုးရကိုတော့ ကျနော်တို့ တင်ပြထားပါတယ်။ တင်ပြထားတော့ ဒီအပေါ်မှာ အခွန်များ၊ တကယ်လို့များ လျော့ခဲ့ရင်တော့ ကျနော်တို့က ဒီပေါ်မှာ အရောင်းဘက်ကနေပြီး ၁၃ ရာခိုင်နှုန်း ကောက်ထားပါတယ်။ အရောင်းဘက်ကနေ ကျနော်တို့က ဒီဝန်ဆောင်မှု နှစ်ရာခိုင်နှုန်းကို ဖြုတ်ချပြီးတော့မှ ကုန်သွယ်ခွန် ငါးရာခိုင်နှုန်း ပြုတ်သွားရင်တော့ အဲဒီနှစ်ကျပ်ကို ကျနော်တို့က ဝယ်တဲ့ဘက်ကနေ ပြီးတော့ ပေးဖို့ရာအတွက် စီစဉ်ထားပါတယ်"  လို့ ပြောပါတယ်။ ဝယ်ယူသူဘက်က ကောက်ခံမယ့် ကုန်သွယ်ခွန်ကို လျှော့ပေါ့ သတ်မှတ်ပေးခြင်းအားဖြင့် လုပ်ငန်းရှင်တွေအနေနဲ့ ကျောက်စိမ်းတွဲတွေကို အခုခင်းကျင်းရောင်းချမယ့် အ‌ခြေအနေထက် ပိုမို ပြသရောင်းချလာကြမှာဖြစ်ပြီး နိုင်ငံတော်အနေနဲ့ အခွန်ပိုမိုရစေနိုင်မယ်လို့ ကျောက်စိမ်းလုပ်ငန်းရှင် ဦးအေးလွင်က ပြောပါတယ်။ "အတတ်နိုင်ဆုံးပေါ့နော်၊ အခွန်အနေနဲ့က ကိုယ့်နိုင်ငံသားတွေပဲ၊ ကိုယ့်နိုင်ငံသားတွေ အဆင်ပြေလာတဲ့အခါမှ အခွန်နှုန်းထားကို ပိုပြီးမြှင့်မြှင့်ပြီးတော့ ယူပေးရင် ပိုကောင်းတာပေါ့နော်။ ခုလို စစချင်းဆိုတဲ့ ကိစ္စတွေမှာ ပြည်ထောင်စုရယ်၊ တိုင်းဒေသကြီးရယ် မခွဲခြားပဲနဲ့ပေါ့နော်၊ အစိုးရက အစိုးရတရပ်ပါပဲ ဆိုပြီးတော့ ဦးတို့တော့ အဲဒီလို ဖြစ်စေချင်တာပေါ့၊ အခွန်ကို လျှော့ပေါ့သတ်မှတ်‌ပေးသောအားဖြင့် နိုင်ငံတော်က အခွန်ပိုရနိုင်ပါတယ်။" ဒီပြပွဲကို မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ လမ်းညွှန်မှုနဲ့ မန္တလေး ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်းက ဦးဆောင်ကျင်းပတာဖြစ်ပြီး အောက်တိုဘာ ၂၃ ရက်နေ့ကနေ ၂၉ ရက်နေ့အထိ ပြသရောင်းချမယ်လို့ သိရပါတယ်။ ပြပွဲကာလအတွင်း အောက်တိုဘာ ၂၃ ရက်နေ့ကနေ ၂၅ ရက်နေ့အထိ ကြည့်ရှုစစ်ဆေးနိုင်ပြီး အောက်တိုဘာ ၂၆ ရက်နေ့ကနေ ၂၉ ရက်နေ့အထိ တင်ဒါစနစ်နဲ့ ရောင်းချပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။ ထူးခြားချက်အနေနဲ့ မြန်မာကျပ်ငွေနဲ့ ဝယ်ယူနိုင်မယ်လို့ သိရပါတယ်။ ပြပွဲမှာ ခင်းကျင်းရောင်းချဖို့အတွက် ကျောက်စိမ်းတွဲ စာရင်းတွေကို အောက်တိုဘာ ၃ ရက်နေ့ကနေ အောက်တိုဘာ ၁၈ ရက်နေ့အထိ လက်ခံပေးသွားမယ်လို့ သိရပါတယ်။ ဒီပြပွဲမှာ ပါဝင်ပြသဖို့အတွက် ကျောက်စိမ်းနဲ့ ကျောက်မျက်လုပ်ငန်းရှင် ၄၀၀ လောက် စာရင်းပေးသွင်းထားပြီး ကျောက်စိမ်းအရိုင်းတွဲပေါင်း သုံးထောင်လောက် ပြသနိုင်တယ်လို့ ပြပွဲကျင်းပရေးကော်မတီက ခန့်မှန်းထားပါတယ်။ ဒါ့အပြင် ကျောက်စိမ်း အချောထည်ရော ကျောက်မျက်အချောထည်တွေကိုပါ ပြသမယ်လို့ သိရပါတယ်။ တင်ဒါစနစ်နဲ့ရောင်းချမယ့် ကျောက်စိမ်းအရိုင်းတွဲနဲ့ အချောထည်တွဲတွေရဲ့ ကြမ်းခင်းစျေးကို ကျပ် ၁၀ သိန်း သတ်မှတ်ထားတယ်လို့လည်း ဆိုပါတယ်။ မန္တလေးမြို့မှာ ပထမဆုံးအကြိမ် ကျင်းပမယ့် ဒီပြပွဲကိုတော့ ပြည်ပကနေ တရားဝင် ဝင်‌ရောက်လာတဲ့ နိုင်ငံခြားဧည့်သည်တွေ လာရောက်လေ့လာခွင့်ရှိပြီး ကျောက်စိမ်းနဲ့ ကျောက်မျက်အချောထည်ပစ္စည်းတွေကို သတ်မှတ်ထားတဲ့အတိုင်း ဝယ်ယူနိုင်မှာ ဖြစ်ပေမယ့် ကျောက်စိမ်း အရိုင်းထည်တွေကိုတော့ ဝယ်ယူခွင့်မရှိဘူးလို့ သိရပါတယ်။ ထိန်ထိန်လင်း
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024