စာရေးဆရာမာန်(တောင်လုံးပြန်)ကိုရုံးထုတ်၊ တရားလို ဒုဗိုလ်မှူးကြီးကို စစ်ဆေး
DVB
·
October 8, 2019
တပ်မတော်က တရားစွဲဆိုထားတဲ့ စာရေးဆရာ မာန် (တောင်လုံးပြန်) ကို အောက်တိုဘာ ၈ ရက်နေ့က မြိတ်မြို့နယ် တရားရုံးမှာ ဒုတိယအကြိမ်မြောက် ရုံးတင်စစ်ဆေးခဲ့ပါတယ်။
ဒီကနေ့ရုံးချိန်းမှာတော့ တရားလို ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ်က ဒုဗိုလ်မှူးကြီးကို စစ်ဆေးခဲ့ရာမှာ စာရေးဆရာမာန်(တောင်လုံးပြန်) ပြောဆိုချက်တွေဟာ တပ်မတော်ရဲ့ ဂုဏ်သိက္ခာကျဆင်းစေတဲ့ အပြင် တပ်မတော်မှာ တာဝန်ထမ်းဆောင် နေတဲ့ အရာရှိစစ်သည်တွေအနေနဲ့ တပ်မတော်ပေါ်မှာ လေးစားမှုကျစေတာကြောင့် ပြည်သူတွေ အထင်မြင်လွဲမှားစေတယ်လို့ တရားခွင်မှာ ထွက်ဆိုသွားပါတယ်။
“စစ်အစိုးရက တိုင်းပြည်ကို အနှစ် ၂၀ အုပ်ချုပ်ပြီးတော့မှ တိုင်းပြည်က ရစရာ မရှိတော့တာကို တပ်မတော်အရာရှိတွေက ထားစရာမရှိအောင် ချမ်းသာသွားကြတယ်။ တပ်မတော်မှာ ဒီမိုကရေစီ မရှိဘူး။ ဒီမိုကရေစီမရှိတဲ့သူတွေက ဒီမိုကရေစီရှိတဲ့သူတွေကိုဦး ဆောင်နေတယ်”လို့ စာရေးဆရာ မာန်က မေလ ၉ ရက် တနင်္သာရီတိုင်း၊ မြိတ်မြို့မှာ ပြုလုပ်ခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး လူထုဟောပြောပွဲမှာ ဟောပြောခဲ့တာပါ။
ဒီဟောပြောချက်တွေဟာ တပ်မတော်ကို ဂုဏ်သိက္ခာ ထိပါးစေတယ်လို့ယူဆပြီး ကမ်းရိုးတန်းတိုင်း စစ်ဌာနချုပ်က မြိတ်မြို့နယ် တရားရုံးမှာ ဇွန်လ ၄ ရက်နေ့က ဦးတိုက်လျောက်ထား တရားစွဲဆိုခဲ့တာလည်းဖြစ်ပါတယ်။
စာရေးဆရာ မာန် (တောင်လုံးပြန်)ကို ဥပဒေပုဒ်မ ၅၀၀ နဲ့ တရားစွဲဆိုထားပြီး မြိတ်မြို့နယ် တရားရုံးက ငွေဆယ်သိန်းကို လူ ၂ ဦးနဲ့ အတူ အာမခံပေးထားပါတယ်။