ရန်ကုန်-ရေး-ထားဝယ် ရထားခရီးစဉ် ၂ လကြာ ရပ်ဆိုင်းထား
DVB
·
October 8, 2019
သဘာဝဘေး ရေကြီးတောင်ပြိုမှု ဖြစ်ပွားပြီးနောက်ပိုင်း နှစ်လအကြာမှာ ရန်ကုန်-ရေး-ထားဝယ် တိုက်ရိုက် ရထားခရီးစဉ်ကို ဆက်လက်ပြေးဆွဲနိုင်ခြင်းမရှိဘဲ ရပ်ဆိုင်းထားရပါတယ်။
တနေ့ကိုနေ့စဉ် အသွားအပြန်ခရီးသည် ၂၀၀ ဝန်းကျင်လောက်ရှိပြီး ရထား ရပ်နားထားတာကြောင့် ဝင်ငွေထိခိုက်နေတဲ့အတွက် ရထားခရီးစဉ်ကို အမြန်ဆုံးပြေးဆွဲဖို့ ဆောင်ရွက်နေတယ်လို့ ရေးရုံပိုင်တာဝန်ခံ ဦးမောင်မောင်မြင့်က ပြောပါတယ်။
“ရန်ကုန်-ရေး-ထားဝယ် ရထားခရီးစဉ်ဟာ အဓိက မှီခိုနေတဲ့ ရွာတွေက ခရီးသွားတွေဟာ စီးပွားရေးသွားလာရေးတွေမှာ အခက်ခဲကြုံရနေသလို မြန်မာ့မီးရထား ဝင်ငွေလည်း ထိခိုက်နစ်နာခဲ့ရပြီ”
ရေး-ထားဝယ်လမ်းပိုင်းမှာ ရေကြီးစဉ်က တောင်ပြိုမှုကြောင့် နေရာ ၃ နေရာမှာ မြေကျင်း ၁၀၀၀ ကျော်လောက် ရေတိုက်စားပျက်စီးသွားခဲ့တဲ့ လမ်းပိုင်းကိုတော့ ဖယ်ရှားရှင်းလင်း ဆောင်ရွက်ထားပြီးဖြစ်ပါတယ်။
အငယ်တန်းအင်ဂျင်နီယာ ဦးဝင်းမင်းထွန်းက “နောက်ဆုံးကျန်တာ ပေါက်ပင်ကွင်းနဲ့ နတ်ကြီးစင်ကြားက မှိန်းကျတံတားရေလယ်တိုင်တိမ်းစောင်းလို့ အောက်တိုဘာ ၈ ရက်နေ့မှာ ယာယီတိုင်ထောင်ဖို့ အောက်ခံ ဖောင်ဒေးရှင်းချပြီးတာနဲ့အမျှ ဒီလကုန် ရထားခရီးစဉ်ကို ပြန်လည်ပြေးဆွဲသွားဖို့ ခန့်မှန်းထားတယ်” လို့ ပြောပါတယ်။
ရန်ကုန်-မော်လမြိုင်-ရေး ရထားခရီးစဉ်ကိုတော့ ပုံမှန်အတိုင်း ပြေးဆွဲပေးနေပြီး ခရီးသွားတွေ ပုံမှန်အတိုင်း လိုက်ပါစီးနင်း နေကြပါတယ်။
သတင်း - နေမျိုးထွဋ် ရေး