Home
မြန်မာသတင်း
ဘူးသီးတောင်တွင် တပ်မတော်နှင့် အေအေ တိုက်ပွဲဖြစ်
DVB
·
October 7, 2019
မြန်မာ့တပ်မတော်နဲ့ ရက္ခိုင့်တပ်တော်အေအေတို့ ဒီနေ့မနက်ပိုင်းက ရခိုင်ပြည်နယ် ဘူးသီတောင်မြို့နယ် သရက်ပြင်၊ ကွမ်းတောင်၊ ဖုံညိုလိပ်တို့မှာ နှစ်ဖက်တိုက်ပွဲတွေ ပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့တယ်လို့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ပြောပါတယ်။ “ဘာကြောင့်ဖြစ်လဲဆိုတော့ ကျနော်တို့ ဖုံညိုလိပ်တို့၊ ရေချမ်းပြင်တို့၊ သရက်ပြင်တို့၊ အောက်မှာဆိုရင် ဥယျာဉ်သာတို့ စံကိုးတောင်ဆိုတာက အေအေတေ ဝင်ထွက်သွားလာနေတဲ့ နေရာတွေ ကျင်လည်ကျက်စားနေတဲ့ နေရာတွေပဲ။ ကျနော်တို့ လှုပ်ရှားစစ်ကြောင်းက အမြဲတမ်းပဲ နယ်မြေရှင်းလင်ရေးလုပ်နေတာပဲ၊ တနေ့မဟုတ်တနေ့ဖြစ်မှာပဲ။ သရက်ပြင်နားမှာ ဒီကနေ့ မနက်ပိုင်း ၆ နာရီ ၁၅ မိနစ်လောက်ကဖြစ်တာ၊ ထိတွေ့တိုက်ပွဲဖြစ်တာ။ သူတို့နဲ့ ဖုံညိုလိပ်တံတားတို့၊ သုံးဆယ်တပုံ စတဲ့နေရာတွေကို အေအေဘက်က လက်နက်တွေနဲ့ အဝေးကနေ လှမ်းပစ်ခတ်ခဲ့တာ။” ဒီကနေ့ မနက်ပိုင်း တိုက်ပွဲမှာ တပ်မတော်ဘက်က ထိခိုက်ကျရှုံးတာ မရှိပေမယ့် အေအေ ဘက်ကတော့ အလောင်းနဲ့ လက်နက်အချို့သိမ်းဆည်းရရှိတယ်လို့ ဗိုလ်မှူးကြီးဝင်းဇော်ဦးက ပြောဆိုပါတယ်။ အေအေပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက “ကြာညိုပြင်မှာဆိုရင် ရွာထဲမှာ တပ်စွဲထားတယ်ဗျ။ အဲ့ဒီရွာထဲက လှမ်းပစ်နေတာ ရှိတယ်။ အဲ့ဒီမှာ သရက်ပြင်နဲ့ ကွမ်းတောင်တွေကရွာတွေ လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်ခတ်နေတာ။ အဲ့လို မရပ်မနားပစ်ခတ်နေတော့ ကျနော်တို့ သူတို့တွေကို ရှင်းလင်းရတာတွေရှိတယ်။ အဲ့ဒါကြောင့် ကျနော်တို့တွေနဲ့ အပြင်းအထန် တိုက်ပွဲဖြစ်တာ။ သူတို့ဘက်ကပြောသလိုမျိုး ကျနော်တို့ဘက်တော့ အလောင်းကျန်တာတွေ မရှိဘူးခင်ဗျ။” ဒီရက်ပိုင်းတွေမှာ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း ဘူးသီးတောင်း၊ ရသေ့တောင်၊ ပလက်ဝနယ်မြေ စတဲ့နေရာတွေမှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော်အေအေတို့ နေ့စဉ်ရက်ဆက်ဖြစ်ပွားနေပြီး တချို့နေရာတွေကို တပ်မတော်ဘက်က လက်နက်ကြီးတွေနဲ့ နေ့ညမပြတ်ပစ်ခတ်နေတာတွေရှိတယ်လို့ ခိုင်သုခက ဆိုပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းတွေက တပ်မတော်စစ်ကြောင်းက ကွမ်းတောင်းကျေးရွာကိုရောက်ရှိလာပြီး နေရာယူထားတာကြောင့် ကျေးရွာသားအားလုံး စေတောင်ကျေးရွာကို စစ်ဘေးရှောင် ထွက်ပြေးလာတာလို့ ထွက်ပြေးလာကြတဲ့ ကျေးရွာသားတွေက ပြောဆိုပါတယ်။ သတင်း-ဝဏ္ဏခွာညို
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024