တရားမျှတစွာ စီရင်ခွင့်မရသည့် ထိုင်းတရားသူကြီး ခုံရုံးတွင် ကိုယ့်ကိုယ်ကိုယ်သေနတ်ဖြင့်ပစ်ခတ်

ခုရက်ပိုင်းတွင်း ထိုင်းလူမှုကွန်ရက်မှာ ရေပန်းစားနေတာကတော့ “တရားသူကြီးကို တရားမျှတမှုပြန်ပေးပါ၊ ပြည်သူတွေကို တရားမျှတမှုပြန်ပေးပါ ” ဆိုတဲ့ စကားလုံးပဲ ဖြစ်ပါတယ်။  ဒီစကားလုံးကတော့ ပြီးခဲ့တဲ့ရက်ပိုင်းက ထိုင်းတောင်ပိုင်း ယာ့လားခရိုင်တရားရုံးမှာ  တရားသူကြီး ၁ ဦးက ကိုယ့်ကိုယ်ကိုယ် သေနတ်နဲ့ပြန်မပစ်ခင် ပြောခဲ့တဲ့ စကားလုံး၊ သူသေပြီးရင် ကျန်ရစ်သူတွေဖတ်ဖို့ ရေးထားတဲ့ စာထဲက စကားလုံးတွေပဲ ဖြစ်ပါတယ်။  ပြီးခဲ့တဲ့ အောက်တိုဘာ ၄ ရက် မွန်းလွဲပိုင်းက အသက် ၄၉ နှစ်ရွယ်ရှိ ခရိုင်တရားသူကြီး နိုင်ခဏာကွန်ဟာ လူသတ်မှုတခုက တရားခံ ၅ ဦးကို တရားသေလွှတ်ပေးလိုက်ကြောင်း စီရင်ချက်ချအပြီး တရားခံနဲ့တကွ တရားခွင်လာရောက် ကြားနာသူများ၊ လုံခြုံရေးရဲများရှေ့မှာပဲ သူ့ကိုယ်သူ သေနတ်နဲ့ ဘယ်ဘက်ရင်အုံကို ပြန်ပစ်ခဲ့ပါတယ်။ တရားခွင်ထဲ ရှိနေသူတွေက သတင်းထောက်ကို ပြန်ပြောရမှာ တရားသူကြီး ခဏကွန်က တရားခံ ၅ ဦးကို သက်သေမခိုင်လုံလို့ တရားသေလွှတ်ပေးလိုက်ကြောင်းအမိန့်ချမှတ်ခဲ့ပြီး စီရင်ချက်ချပုံကိုလည်း ဖေ့စ်ဘွတ်ခ်လိုက်ဖ်လွှင့်နေခဲ့ကြောင်း၊ အဲဒီအချိန် တယ်လီဖုန်းခေါ်သံ မပြတ်ဝင်လာပေမယ့် ဖုန်းလုံး၀မကိုင်ဘဲ ဒါဟာ သူ့ရဲ့ နောက်ဆုံးတရား စီရင်ချက်ပဲလို့ ပြောခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီနောက် တရားရုံးအတွင်းရေးမှူးကို အပြင်ထွက်စေကာ တံခါးပိတ်လိုက်ပြီး လျှို့ဝှက်လို့ ရေးထားတဲ့ စာအိပ်ကို ဝေပေးခဲ့ကြောင်း၊  “တရားသူကြီးကို တရားမျှတ မှုပြန်ပေးပါ၊ ပြည်သူတွေကို တရားမျှတမှုပြန်ပေးပါ” ဆိုတဲ့ စကားလုံးကို ၃ ကြိမ်ရွတ်ဆိုကာ အနောက်လှည့်ပြီး ထိုင်းဘုရင်ကြီးဓာတ်ပုံကို အရိုအသေပြုပြီး သေနတ်နဲ့ သူ့ရင်ဘတ်သူပြန်ပစ်ခဲ့တာလို့ပြောပါတယ်။  တရားသူကြီးက လိုက်ဖ်လွှင့်ပြီး ပြောခဲ့တဲ့အထဲမှာတော့ “လူ ၁ ယောက်ကိုသေ ဒဏ်ချမှတ်မယ်ဆိုရင် ခိုင်လုံလေးနက်တဲ့ သက်သေအထောက် အထားတွေရှိဖို့ လိုအပ်တယ်၊ သေဒဏ် အပြစ်ပေးခံသူဟာ သူ့တယောက်တည်းတင်မကဘဲ သူ့မိသားစုတွေကိုပါ ပြစ်ဒဏ်ခတ်လိုက်ရာရောက်တယ်၊ ဒါကြောင့် မသေချာဘဲ စီရင်ချက် မချပါနဲ့၊ ဒါပေမယ့် သူတို့ ၅ ယောက်ဟာ အပြစ်မလုပ်ထားဘူးလို့တော့ အတည်မပြုဘူးနော်၊ လုပ်ချင်လည်း လုပ်မယ်၊ ဒါပေမယ့် တရားစီရင်ခန်းမှာ ပွင့်လင်းမြင်သာရမယ်၊ သက်သေအထောက်အထားတွေ ခိုင်မာရမယ်၊ ဘယ်သူကမှ မငြင်းနိုင်အောင်သေချာနေရမယ်၊ ဒါဆိုရင် ဘယ်သူမှ လူမှားပြီးစီရင်ချက်ချတယ်လို့ မပြောတော့ဘူး၊  မှားတဲ့ လူကတော့ လူမှားတာပဲဖြစ်တယ်” အစရှိတဲ့ အချက်တွေပါဝင်ပါတယ်။  တရားသူကြီးက လျှို့ဝှက်လို့ရေးပြီး ဝေငှထားတဲ့ စာထဲမှာတော့ တရားခံ ၅ ဦးကို သေဒဏ်ချမှတ်ဖို့ အထက်အာဏာရှိသူမှ ဖိအားပေးခံရတဲ့အကြောင်း၊ သူ့အနေနဲ့ သေရင်သေ မသေရင်လည်း ကြီးလေးတဲ့ပြစ်ဒဏ်ခံရဖို့ရှိကြောင်း ရေးထားပါတယ်။  တရားသူကြီးဟာ သူ့ကိုသူစီရင်မယ့်နေ့မှာဘဲ စာမျက်နှာ ၂၅ မျက်နှာရှိ ထုတ်ပြ န်ချ က်ကို သူ့ကိုယ်ပိုင် လူမှုကွန်ရက်မှာ ဖြန့်ဝေထားသလို သူတခုခုဖြစ်သွားရင် သမီးဖြစ်သူကို စောင့်ရှောက်ပေးကြဖို့နဲ့ သမီးရဲ့ အမည်နဲ့ ငွေလွှဲပေးဖို့ ဘဏ်စာရင်းနံပတ်ကိုပါ တင်ထားပါတယ်။  အဆိုပါ ထုတ်ပြန်ချက်ထဲမှာလည်း တရားသူကြီးတယောက်အနေနဲ‌ေ တရားစီရင်မှုကို ဥပဒေအတိုင်း လွတ်လပ်စွာ စီရင်ခွင့်မရှိဘဲ အထက်အာဏာရှိသူတို့ရဲ့ ဝင်ရောက်စွက်ဖက်မှု၊ ဖိအားပေးမှုကို ခံရကြောင်း၊ ၂၀၀၈ ခုနှစ်က ယာ့လားမြို့နယ် နော့ပူတော့ကျေးရွာက ရွာသား ၅ ယောက် အသတ်ခံရတာနဲ့ပတ်သက်ပြီး ရဲတွေက တရားခံ ၅ ယောက်ကို ဖမ်းဆီးရုံးတင်လာရာမှာ သက်သေဖြစ်တဲ့ ကျည်ခွံတွေကို ရဲတွေကိုယ်တိုင်သွားမယူဘဲ လုပ်အားပေးဝန်ထမ်းတွေက ဆေးရုံမှာလာပေးတာ၊ တွေ့ရှိတဲ့သေနတ်မှာ ၅ ယောက်လုံးရဲ့ ဒီအန်အေမတွေ့တာ၊ သေနတ်ဝှက် ထားတဲ့နေရာက ရဲတွေတွေ့တဲ့နေရာနဲ့ တရားခံတွေထွက်ဆိုချက်မတူတာ၊ သေဆုံးသူနား တွေ့တဲ့ကျည်ခွံနဲ့ သက်သေအဖြစ်တင်လာတဲ့ သေနတ်မတူတာ  အစရှိတဲ့ သံသယတွေများစွာရှိပြီး စစ်ဆေးလိုက်တော့ အမှုတွဲ တခုလုံး ဘာမှမမှန်အောင်ကို ဖြစ်ခဲ့ကြောင်း၊ ဒါပေမယ့် အထက်အာဏာ ရှိသူတွေက တောင်ပိုင်းနယ်မြေလုံခြုံရေးကို အကြောင်းပြပြီး သေဒဏ်ချမှတ်ဖို့ ဖိအားပေးခံရကြောင်း၊ တရားသူကြီးတယောက်အနေနဲ့ တရားမျှတစွာ စီရင်နိုင်ခြင်းမရှိတာဟာ အလွန်သိက္ခာကျပြီး အာဏာရှိသူတို့ရဲ့ စေခိုင်းရာသာဖြစ်တယ်လို့ ရေးသားထားပါတယ်။ ဒါ့အပြင် တရားသူကြီးတွေအနေနဲ့ လွတ်လပ်ပြီး မျှတစွာတရားစီရင်ခွင့်ရရှိရေး၊ နောက်ဆုံးစီရင်ချက်လွှာကို အထက်အာဏာရှိသူများထံ မတင်ပြရဘဲ တိုက်ရိုက်စီရင်ရရေး၊ တရားရုံးကို တာဝန်နဲ့ ရောက်လာတဲ့ တရားသူကြီးတွေရဲ့ခန္ဂာကိုယ်ကို စစ်ဆေးမှု မပြုရေးတွေ တောင်းဆိုထားပါတယ်။  သူ့ရဲ့ထုတ်ပြန်စာဟာ ငှက်တောင်ပံတခုလောက်တောင် မလေးပေမယ့် တရားသူကြီးရဲ့ နှလုံးသားကတော့ တောင်ကြီးတစ်တောင်လို လေးနက်မြင့်မားတယ်လို့လည်း ရေးသားထားပါတယ်။  ဒီကိစ္စနဲ့ပတ်သက်ပြီး အနာဂတ်သစ်ပါတီ အထွေထွေအတွင်းရေးမှုးဖြစ်သူ နိုင်းပီယပုတ် ဆဲင်ကနုတ်ကွန်းကလည်း တရားသူကြီး ခဏာကွန်ဟာ ယခင်ကလည်း သူတို့ပါတီကို ဆက်သွယ်ပြီး တရားစီရင်ရေးမှာ အာဏာရှိသူတွေက ဝင်ရောက်စွက်ဖက်မှုအပေါ် စိတ်ကျဉ်းကျပ်ကြောင်း ရင်ဖွင့်ကေ တရားရေးနဲ့ပတ်သက်တဲ့ သူတို့ပါတီ မူဝါဒကို မေးမြန်းခဲ့ဖူးတယ်လို့ သတင်း ထောက်တွေကို ပြောပါတယ်။ လက်ရှိအာဏာရ စစ်အစိုးရပါတီရဲ့ အမျိုးသမီးလွှတ်တော်အမတ် ၁ ဦးဖြစ်သူ ပါရီနာ ကိုင်ခုတ်က တရားသူကြီးဟာ လက်ရှိအစိုးရနဲ့ တိုင်းပြည်ရဲ့တရားရေးမဏ္ဍိုင်ပေါ် ပြည်သူတွေယုံကြည်မှုပျက်ပြားအောင် မိမိကိုယ်မိမိ သတ်သေချင်ယောင်ဆောင်တာလို့ သူ့ ကိုယ်ပိုင်လူမှုကွန်ရက်မှာ ဝေဖန်ထားပါတယ်။  ထိုင်းတရားရေးဌာန အတွင်းရေးမှူးဖြစ်သူ နိုင်းဆလာဝတ် ဘဲင်ကျကွန်းကတော့  ဥပဒေအရ တရားရေးဌာနရဲ့ တရားစီရင်မှုပေါ် ဘယ်သူကမှဝင်ရောက်စွက်ဖက်ခွင့်မရှိကြောင်း၊ အမှတ် ၄ ခရိုင်တရားရုံးရော ထိုင်းတနိုင်ငံလုံးက တရားရုံးတွေကပါ အမှုကိုလွတ်လပ်ပြီး တရားမျှတစွာ စီရင်လျက်ရှိတာကြောင့် ယုံကြည်မှုရှိစေလိုကြောင်း၊ ဆုံးဖြတ်ရ ခက်ခဲတဲ့အမှု၊  အမြင်မတူတဲ့အမှုတွေမှာ သက်ဆိုင်ရာ တရားသူကြီးတွေအနေနဲ့ မိမိလုပ်ဖော်ကိုင်ဘက် တရားသူကြီးတွေနဲ့ အတူဆွေးနွေးတိုင်ပင်ပြီး တရားခံအတွက် သက်ညှာစွာညှိနှိုင်းတိုင်ပင် စီရင်ခွင့်ရှိကြောင်း၊ ဒီဖြစ်ရပ်မှာတော့ တရားရေးဌာနအနေနဲ့ စုံစမ်းစစ်ဆေးမှုတွေပြုနေတယ်လို့ သတင်းထောက်တွေကို ပြောပါတယ်။  မိမိကိုယ်မိမိ သေနတ်နဲ့ပစ်ခတ်ခဲ့သူ တရားသူကြီးမှာ အချိန်မီဆေးရုံရောက်ခဲ့လို့ သေကံမရောက်ခဲ့ဘဲ လက်ရှိ အိုင်စီယူအရေးပေါ်ခွဲစိပ်ခန်းကနေ အထူးကြပ်မတ်ဆောင်သို့ ပြောင်းရွှေ့ကုသရပြီဖြစ်ကြောင်း၊ ကျည်ဆန်မှာ ဘယ်ဘက်နှလုံးအောက်ကို မှန်သွားပြီး အစာအိမ်ထဲကို သွေးတွေစီးဝင်နေပေမယ့် အသက်ဘေးက လွတ်မြောက်ခဲ့ပြီဖြစ်ပြီး ဆရာဝန်တွေက အနီးကပ်စောင့်ကြပ်ပြုစုနေတယ်လို့ ယာ့လားခရိုင်ဆေးရုံအုပ်ကြီးက သတင်းထောက်တွေကို ပြောပါတယ် ။  လူမှုကွန်ရက်တွေမှာတော့ တရားမျှတမှုအတွက် အသက်စွန့်ရဲခဲ့သူ တရားသူကြီး ခဏာကွန်ကို ချီးမွှမ်းလေးစားနေကြပြီး တရားသူကြီး အမြန်သက်သာစေဖို့၊ ပြန်လည်နေကောင်းစေဖို့ ဆုတောင်းကာ တရားရုံးရှေ့မှာလည်း ဂုဏ်ပြုပန်းစည်းတွေ သွားရောက်ချထားပေးခဲ့ကြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up