တိုက်ပွဲများကြောင့် မင်းပြားမြို့နယ် ကျေးရွာ ၇ ရွာက လူ ၄၀၀၀ ခန့် စားနပ်ရိက္ခာပြတ်လပ်
DVB
·
October 6, 2019

တိုက်ပွဲဖြစ်ပွားရာဒေသတခုဖြစ်တဲ့ မင်းပြားမြို့နယ် ထိန်ပင်အုပ်စု ရွှေကျင်ကျေးရွာအပါအဝင် ကျေးရွာ ၇ ရွာက လူဦး ၄၀၀၀ နီးပါး စားနပ်ရိက္ခာတွေ ပြတ်တောက်မှုနေတယ်လို့ ဒေသခံတွေက ဒီဗွီဘီကိုပြောပါတယ်။
မင်းပြားမြို့နယ် ထိန်ပင်အုပ်စုက ရွှေကျင်ကျေးရွာ၊ ဒိုင်းသားကျေးရွာ၊ ကျော်ကကျေးရွာအနားတွေမှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် အေအေတို့ ပြီးခဲ့တဲ့ သြဂုတ်လကဆန်းပိုင်းကနေ တိုက်ပွဲဖြစ်ပွားလာခဲ့တာ အောက်တိုဘာလအထိဆိုရင် ၄ လနီးပါး ရှိလာပြီးဖြစ်နေတာကြောင့် ဒေသခံတွေဟာ သွားလာလို့ မရတာကြောင့် အခုလို စားနပ်ရိက္ခာတွေ ပြတ်တောက်လာလို့ ရွှေကျင်ကျေးရွာအုပ်ချုပ်ရေးမှူးက ပြောပါတယ်။
“အောက်တိုဘာ ၅ ရက်နေ့ အထိ တိုက်ပွဲတွေကဖြစ်နေတုန်းပါ။ ထိန်ပင်အုပ်စုက ရွှေကျင် ကျေးရွာတွေနဲ့ ဒိုင်းသား၊ အဲ့ဒီကျေးရွာအနားတွေမှာ တိုက်ပွဲဖြစ်နေတာက ပြီးခဲ့ သြဂုတ်လဆန်းကနေဖြစ်နေတာ။ ဒီနေ့အချိန်ထိပဲ၊ ကျေးရွာကသားတွေကဘာမှ စီးပွားရေး လုပ်လို့ မရဘူး။ ဘယ်မှသွားလာလို့မရဘူး။ တော၊ တောင်တွေလယ်ယာမြေတွေကို သွားလာလို့ မရဘူး။ တိုက်ပွဲဖြစ်နေတဲ့ဧရိယာတွေ အားလုံးကိုမသွားလာ ဖို့အကုန်တားမြစ်ထားတယ်။”
မင်းပြားမြို့နယ် ထိန်းပင်ကျေးရွာမှာ လူဦးရေ ၁၄၀၊ ရွှေကျင်ကျေးရွာမှာ ၂၀၂၆ ယောက်၊ ဒိုင်းသားကျေးရွာ ၃၈၇ ယောက်၊ ကျော်ကကျေးရွာ ၁၇၉ ယောက်၊ ပေါက်တောကျေးရွာမှာ ၅၃ ယောက်၊ ဆွဆုံကျေးရွာမှာ ၆၁၂ ယောက်နဲ့ မွန်ချောင်းမှာ ၅၄၉ ယောက် စုစုပေါင်း ၃၉၄၆ တို့ ရှိနေတာပါ။
ဒိုင်းသားကျေးရွာမှာဆိုရင် မူလတန်းကျောင်းမဖွင့်နိုင်တာ ၁ ကျော်ကြာလာပြီဖြစ်တာကြောင့် ကျောင်းသားတွေဟာ ရွှေကျင်ကျေးရွာနဲ့ ဂွဆုံကျေးရွာတို့မှာ သွားရောက်ကျောင်းတက်နေကြရတယ်လို့ ရွှေကျင်အုပ်ချုပ်ရေးမှူးက ပြောဆိုပါတယ်။
ဒိုင်သားကျေးရွာက ဦးလူချေက ”ကျနော်တို့ ကျေးရွာအကုန် စားရိက္ခာတွေပြတ်နေပါပြီ။ ဆန်ရိက္ခာတွလည်း မရှိတော့ဘူး။ တိုက်ပွဲဖြစ်နေတော့ သွားလာခွင့်တွေ ပိတ်ပင်ထားတယ်။ ရှိတဲ့လူတွေဆီက ချေးစားတာတွေလည်းကုန်ပြီ၊ အရင်က တချို့လူမှုအဖွဲ့အစည်းတွေက လာ ကူညီတာတွေရှိတယ်။ အခုသူတို့လည်း မလာကြတော့ဘူး။ တောင်ယာတွေလည်း သွားခွင့်မရကြဘူး။
တပ်မတော်တော် ရက္ခိုင့်တပ်တော်အေအေတို့ အောက်တိုဘာ ၅ ရက်နေ့ နေ့လယ်ပိုင်းကလည်း မင်းပြားမြို့နယ် ဒိုင်းသားကျေးရွာ အနားမှာ တိုက်ပွဲတွေဖြစ်ခဲ့တယ်လို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီးဝင်းဇော်ဦးကပြောပါတယ်။
“အဲ့ဒီ ပန်းမြောင်းနား၊ ဒိုင်းသားအနားမှာဖြစ်နေတာကြာပြီ၊ ထိတွေ့မှုဖြစ်လိုက်၊ ရန်သူက နောက်ကိုဆုတ်လိုက်၊ အဲ့လိုဖြစ်နေတာ။ အဲ့ဒီတဖက်တလျှောက်တ ောင်ကြောတွေဆိုတော၊ ထိခိုက်ဒဏ်ရာရတာတာ့မရှိဘူး။ မနေ့က ၁၂ နာရီလောက်ကစပြီးဖြစ်တာ ၁ နာရီလောက်ကြာတယ်။”
ပြီးခဲ့တဲ့ ဒီဇင်ဘာလဆန်းပိုင်းက တပ်မတော်နဲ့ ရက္ခိုင့်တပ်တော်အေအေတို့ နှစ်ဖက်တိုက်ပွဲတွေကြောင့် ရခိုင်ပြည်မြို့နယ် ၈ မြို့နယ် စစ်ဘေးရှောင်းပြည်သူ ၇ သောင်းနီးပါး ရှိလာနေပြီ စားနပ်ရိက္ခာတွေလည်း လိုအပ်ချက်နေတယ်လို့ ရခိုင်လူမှုအဖွဲ့အစည်းတွေကပြော ဆိုပါတယ်။
သတင်း-ဝဏ္ဏခွာညို