ပျဉ်းမနားတွင် မီးလောင်ကုန်တင်ရထားမှ ပစ္စည်းလာလုသူများကို သေနတ်ပစ်ဖောက် လူစုခွဲ

Photo : Ministry of Home Affairs, Myanmar
နေပြည်တော် ပျဉ်းမနားမှာ မီးလောင်တဲ့ ကုန်တင်ရထားဆီကနေ ပစ္စည်းလုယူဖို့ လာသူတွေကို သေနတ်ဖောက် လူစုခွဲခဲ့ရတယ်လို့ ပြည်ထဲရေးက သတင်းထုတ်ပြန်ပါတယ်။ မနေ့ည ၉ နာရီလောက်က ပျဉ်းမနားမြို့၊ ဂွကြားရပ်ကွက် ရန်ကုန်-မန္တလေးရထားလမ်း မိုင်တိုင် (၂၂၄/၁၂-၁၃)ကြားမှာ ဖြစ်ခဲ့တာပါ။ ကုန်တွဲ ၁၂ တွဲပါတဲ့ ရန်ကုန်-မန္တလေး အထူးပါဆယ် အဆန်ကုန်ရထားရဲ့ တွဲအမှတ် KBHV 40189 ထဲက ကော်ထည်/ ဆပ်ပြာကုန်ကြမ်းအမှုန့်၊ ဆပ်ပြာအဆီပုံးတွေနဲ့ မုန့်မျိုးစုံတွေဟာ ကုန်တွဲထဲက အပူချိန်ကြောင့် ဓာတ်ပြုပြီး မီးလောင်ခဲ့ပါတယ်။ ဒါကို မီးသတ်ယာဉ် ၅ စီးနဲ့ ငြှိမ်းသတ်ခဲ့လို့ နာရီဝက်လောက်အကြာမှာ မီးငြိမ်းသွားပြီး ထိခိုက်ဒဏ်ရာရတာတော့ မရှိဘူးလို့ ဆိုပါတယ်။ ဒါပေမယ့် လူ ၂၀၀ လောက်က မီးလောင်တဲ့ ရထားတွဲပေါ်က ပစ္စည်းတွေကိုယူဖို့ စုဝေးရောက်လာတာကြောင့် ရဲတပ်ဖွဲ့ဝင်တွေက လူစုခွဲဖို့ ပြောပေမယ့် မခွဲလို့ မိုးပေါ်ကို သေနတ်နဲ့ ၂ ချက် သတိပေး ပစ်ခတ်ခဲ့မှ လူစုကွဲသွားတယ်လို့လည်း ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up