ပဲခူးမြို့၌ အစာအဆိပ်သင့်ပြီး လူ ၃ ဦး သေဆုံး
DVB
·
October 6, 2019

ပဲခူးမြို့မှာ အောက်တိုဘာ ၅ ရက်နေ့က အစာအဆိပ်သင့်ပြီး အမျိုးသား ၂ ဦးနဲ့ အမျိုးသမီး ၁ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ပဲခူးမြို့၊ ဥဿာမြို့သစ်၊ (၈) ရပ်ကွက် ကျောက်ပန်းတောရ ဘုန်းကြီးကျောင်းဝင်းအတွင်းမှာ အောက်တိုဘာလ ၅ ရက်နေ့ မွန်းတည့် ၁၂ နာရီလောက်က ဦးဝင်းကျော်စွာ (၃၂-နှစ်)၊ သားဖြစ်သူ အောင်ကျော်ဇော(ခ)အာကာဇွဲ (၁၁-နှစ်)၊ မစန္ဒာထွန်း (၁၈-နှစ်)နဲ့ အဆိုပါ ကျောင်းတိုက်နေ ကိုရင် အရှင်ဝိစာရ (၁၈-နှစ်)တို့ ၄ ဦးဟာ အ.လ.က ရှေ့ရှိ မုန့်ဆိုင်တဆိုင်က ဝယ်ယူလာတဲ့ တံဆိပ်မပါ အစာသွတ်ပေါင်မုန့် ၅ ခုနဲ့ အအေးဘူး ၂ ဘူးတို့ကို အတူစားသုံးပြီးနောက် မူးဝေအော့အန်ကာ သတိလစ်သွားတာကြောင့် ပဲခူးမြို့ ပြည်သူ့ဆေးရုံပို့ဆောင်စဉ် ဦးဝင်းကျော်စွာ အပါအဝင် ၃ ဦးတို့ လမ်းမှာ သေဆုံးသွားခဲ့တယ်လို့ ပြည်ထဲရေးက ထုတ်ပြန်ပါတယ်။
ကိုရင်အရှင်ဝိစာရမှာတော့ ဗိုက်အောင့်၊ မူးဝေရောဂါ(မစိုးရိမ်ရ) နဲ့ ပဲခူးမြို့ ပြည်သူ့ဆေးရုံမှာ ဆေးကုသမှု ခံယူနေရတယ်လို့ ဆိုပါတယ်။
ဦးဝင်းကျော်စွာပါ ၃ ဦး သေဆုံးမှုအား သေမှုသေခင်းအမှတ်စဉ်(၁၄/၂၀၁၉) နဲ့ ရေးဖွင့် စစ်ဆေးနေတယ်လို့ သိရပါတယ်။