အင်းတော်မြို့နယ်၌ တရားမဝင် ရွှေတူးဖော်သူ အမျိုးသား ၆ ဦး ဖမ်းဆီးခံရ
DVB
·
October 6, 2019
အင်းတော်မြို့နယ်မှာ တရားမဝင် ရွှေတူးဖော်သူ အမျိုးသား ၆ ဦး အောက်တိုဘာလ ၅ ရက်နေ့က ဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။
စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ အင်းတော်မြို့နယ် နားမကြိုင်ကျေးရွာ အရှေ့ဘက် ၃ မိုင်အကွာမှာ တရားမဝင် ရွှေတူးဖော်နေကြောင်း သတင်းအရ အင်းတော်မြို့နယ် ရဲတပ်ဖွဲ့မှူး ဉီးစီးတဲ့ ပူးပေါင်းအဖွဲ့က သွားရောက်ဖမ်းဆီးခဲ့တယ်လို့ ပြည်ထဲရေးသတင်းမှာ ဖော်ပြပါတယ်။
ဝင်းဦး အပါအဝင် အမျိုးသား ၆ ဦးကို ကျောက်ရွှေဗြုန်းအိတ် ၆ အိတ်၊ Chang Shua စာတန်းပါ ၂၂ ကောင် အင်ဂျင် ၁ လုံး၊ ဗြုန်းကြိတ်စက် ၁ လုံး၊ ရွှေတူးဖော်ရာမှာ အသုံးပြုတဲ့ သံတူရွင်း ၁ ချောင်း၊ ဆက်စပ်ပစ္စည်းတွေနဲ့အတူ ဖမ်းဆီးရမိခဲ့ပါတယ်။
ဖမ်းဆီးရမိသူတွေကို အင်းတော်မြို့မရဲစခန်းက (ပ)၁၄၆/၂၀၁၉၊ သတ္တုတွင်းဥပဒေပုဒ်မ ၃၀(က) နဲ့ အမှုဖွင့် စစ်ဆေးနေတယ်လို့ သိရပါတယ်။