ပျောက်ဆုံးကျောင်းသူဖခင်က လူသတ်အလောင်းဖျောက်မှုဖြင့် ကလေးမြို့မရဲစခန်းတွင် အမှုဖွင့်

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၅ ရက်နေ့က ကလေးတက္ကသိုလ် ပထမနှစ်ကျောင်းသူ မအေးချမ်းမွန် ပျောက်ဆုံးခဲ့မှုနဲ့ပတ်သက်ပြီး ဖခင်ဖြစ်သူက အမျိုးသားတဦးကို လူသတ်အလောင်းဖျောက်မှုနဲ့ ကလေးမြို့ မြို့မရဲစခန်းမှာ အောက်တိုဘာ ၅ ရက်နေ့က အမှုဖွင့်လိုက်ပါတယ်။ “အလောင်းကတော့ မတွေ့ဘူး။ သက်သေခံပစ္စည်းတွေ့ရှိမှု အားနည်းတယ်။ ဒါပေမဲ့ ကောင်မလေးရဲ့ အသိသူငယ်ချင်း သက်သေထွက်ဆိုမှု တရားခံလို့ ယူဆရသူရဲ့ ထွက်ဆိုမှုတွေကြောင့် ဒီအမှုကို လက်ခံ အမှုဖွင့်ပေးလိုက်တယ်” လို့ ကလေးမြို့မရဲစခန်းမှူး ဒုရဲမှူးဦးဇော်ထွန်းက ပြောပါတယ်။ သေဆုံးသူ မိန်းကလေးနဲ့ပတ်သက်ပြီး ဖခင်ဖြစ်သူ ဦးမောင်မောင်က ပျောက်ဆုံးပြီးနောက်‌ နေ့ ‌‌ စက်တင်ဘာလ ၂၆ ရက်နေ့မှာ ပျောက်ဆုံးကြောင်း ကလေးမြို့မရဲစခန်းမှာ တိုင်ကြားခဲ့ပါတယ်‌။ “အဓိကကတော့ ရုပ်အလောင်းကို သက်‌‌သေမထားတော့ဘူး။ မန္တလေးနန်းတွင်း တပ်ထိန်းမှာ တရားခံလို့ ယူဆရသူ ထွက်ဆိုချက်အရ လက်ခံထားတယ်။ ညနေ ၅ နာရီလောက်မှာ လည်ပင်းညှစ်တယ်။ ညနေ ၇ နာရီခွဲလောက်မှာ အလောင်းကို မြစ်သာမြစ်ထဲ မျှောတယ် ဆိုတဲ့ ထွက်ဆိုချက်အရ ဆက်လက်စစ်ဆေးသွားမှာ ဖြစ်ပါတယ်။ တပ်ထိန်းရဲ့ ထွက်ဆိုချက်ကိုတော့ တရားဝင် မရဘူး”လို့ ကလေးမြို့မရဲစခန်း ရဲတပ်ဖွဲ့မှူးက ပြောပါတယ်။ လက်ရှိမှာတော့ သက်‌သေနဲ့ ထွက်ဆိုချက်အရ တရားခံလို့ ယူဆရတဲ့ တမူးနယ်က ကိုဈာန်မင်းထက်ကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂(၂၀၁) နဲ့ အမှုဖွင့် စစ်ဆေးသွားမှာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ပျောက်ဆုံးနေတဲ့ မအေးချမ်းမွန်ကို ရှာဖွေဆဲ ဖြစ်တယ်လို့ သိရပါတယ်။ မင်းရဲစစ်နိုင်

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up