ဘူးသီးတောင်မြို့နယ် စိုင်းတင်တံတားပေါ်မှ လုံခြုံရေးတပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရ
DVB
·
October 5, 2019

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ စိုင်းတင်တံတားပေါ်မှာ လုံခြုံရေးယူထားတဲ့ ရဲတပ်ဖွဲ့နဲ့ တပ်မတော်တပ်ဖွဲ့ဝင်တွေဟာ အောက်တိုဘာ ၅ ရက်နေ့ မနက် ၃ နာရီလောက်က အေအေအဖွဲ့ရဲ့ တိုက်ခိုက်တာ ခံခဲ့ရတယ်လို့ တပ်မတော်က ပြောပါတယ်။
တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်ချုပ်ဇော်မင်းထွန်းက “ဒီနေ့မနက် ၃ နာရီလောက်မှာ စိုင်းတင်တံတားမှာ လုံခြုံရေးတာဝန်ယူဆောင်ရွက်နေကြတဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနဲ့ တပ်မတော်တပ်ဖွဲ့ဝင်တွေကို သရက်ပြင်ကျေးရွာဘက်ကနေပြီးတော့ လက်နက်ကြီးနဲ့ တိုက်ခိုက်တာရှိတယ်၊ ထိခိုက်ဒဏ်ရာရရှိမှုတော့ မရှိပါဘူး။ လက်ရှိအနေအထားမှာတော့ နယ်မြေရှင်းလင်းရေး ဆောင်ရွက်နေပါတယ်”လို့ ပြောပါတယ်။
လက်ရှိမှာတော့ စိုင်းတင်တံတားနဲ့ ပတ်ဝန်းကျင်အနီးအနား နေရာတွေကို အသွားအလာ ပိတ်ထားတယ်လို့ သိရပါတယ်။
ပစ်ခတ်သံတွေကြောင့် အနီးအနားရှိ သရက်ပြင်ကျေးရွာနဲ့ ကြာညိုပြင် ကျေးရွာသားအချို့ ကြောက်လန့်ပြီး နီးစပ်ရာကျေးရွာတွေနဲ့ ဘူးသီးတောင်မြို့ပေါ် စစ်ဘေးရှောင်စခန်းတွေကို ထွက်ပြေးသွားကြတယ်လို့ သိရပါတယ်။
တိုက်ခိုက်ခံရတဲ့ စိုင်းတင်တံတားဟာ ဘူးသီးတောင်မြို့နယ်နဲ့ ၅ မိုင်ခန့်အကွာမှာ တည်ရှိကာ စိုင်းတင်တံတားရဲ့ ဘယ်ဘက်တံတားထိပ်မှာ ကြာညိုပြင်ကျေးရွာတည်ရှိပြီး ညာဘက်တံတားထိပ်မှာ သရက်ပြင်ကျေးရွာ တည်ရှိနေတာပါ။
စိုင်းတင်တံတားတိုက်မှုနဲ့ ပတ်သက်ပြီး အေအေအဖွဲ့ရဲ့ ပြောခွင့်ရ ခိုင်သုခကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းလက်ခံဖြေဆိုခြင်း မရှိခဲ့ပါဘူး။
ကောင်းကောင်း