သမိုင်းဝင် အတွင်းဝန်ရုံးဟောင်းကို ပြတိုက်ကြီးတခုအဖြစ် ဖွင့်လှစ်ရန် ပြင်ဆင်နေ
ဆုဆုသွယ်
·
October 4, 2019
မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းကို လူငယ်တွေသိရှိနားလည်ဖို့အတွက် ရန်ကုန်မြို့၊ သိမ်ဖြူလမ်းမပေါ်မှာရှိတဲ့ ဝန်ကြီးများရုံး (ယခင်အတွင်းဝန်များရုံး)မှာ ပြတိုက်ကြီးတခု ဖွင့်လှစ်ဖို့ ပြင်ဆင်နေတယ်လို့ ဝန်ကြီးများရုံး ပြုပြင်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်သိန်းက ပြောပါတယ်။
ပြတိုက်ကြီးထဲမှာ လွှတ်တော်ပြခန်းနဲ့ အာဇာနည်ပြခန်းတွေကို ထည့်သွင်းပြသသွားမှာဖြစ်ပြီး ပြတိုက်ဖွင့်လှစ်နိုင်ဖို့ လက်ရှိမှာ နိုင်ငံတကာ ပညာရှင်တွေနဲ့ ပူးပေါင်း ဆောင်ရွက်နေပါတယ်။
ဝန်ကြီးများရုံးအဆောက်အအုံ ရေရှည်တည်တံ့ခိုင်မြဲဖို့အတွက်ထိန်းသိမ်းဖို့၊ လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းကို လေ့လာနိုင်မယ့် နေရာတခုအနေနဲ့ ဖန်တီးဖို့၊ မြန်မာ ယဉ်ကျေးမှု ထုတ်ကုန်တွေနဲ့ နိုင်ငံခြားခရီးသွားတွေကို ဆွဲဆောင်နိုင်မယ့် နေရာတခုအနေနဲ့ဖန်တီးဖို့နဲ့ မြန်မာပြည်သူတွေ လာရောက်အပန်းဖြေတဲ့ နေရာတခုအနေနဲ့ ဖန်တီးဖို့ ဝန်ကြီးများရုံးကို ပြန်လည်ပြုပြင်ထိန်းသိမ်း လုပ်ဆောင်နေတာပါ။
ဝန်ကြီးများရုံးအဆောက်အအုံကို ၁၈၉၈ ခုနှစ်မှာ စတင်တည်ဆောက်ခဲ့တာဖြစ်ပြီး လက်ရှိမှာ နှစ်ပေါင် ၁၅၀ နီးပါးကြာမြင့်နေပြီဖြစ်ပါတယ်။