အီကွေဒေါတွင် ဆန္ဒပြပွဲများ အရှိန်မြင့်တက်၊ အရေးပေါ်အခြေအနေကြေညာ

1.2K
အီကွေဒေါနိုင်ငံတလွှားမှာ လောင်စာအမတော်ကြေး ရပ်ဆိုင်းမယ့် ပြဿနာကြောင့် ဆန္ဒပြပွဲတွေ အရှိန်မြင့်တက်နေချိန်မှာပဲ အောက်တိုဘာ ၃ ရက်မှာ အီကွေဒေါသမ္မတ လင်နီ မိုရဲင်နိုက တနိုင်ငံလုံးအတိုင်းအတာနဲ့ အရေးပေါ်အခြေအနေ ကြေညာခဲ့ပါတယ်။
အစိုးရ ဘဏ္ဍာရေးမူဝါဒ အပြောင်းအလဲအရ လောင်စာအမတော်ကြေး ထောက်ပံ့မှု ရပ်ဆိုင်းမယ့် ဥပဒေကို အီကွေဒေါပြည်သူတွေက ဆန့်ကျင်ဆန္ဒပြနေကြတာပါ။
အီကွေဒေါနိုင်ငံမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀ ကတည်းက လောင်စာ အမတော်ကြေး ထောက်ပံ့လာတာဖြစ်ပြီး တနှစ်ကို အမေရိကန်ဒေါ်လာ ၂ ဘီလီယံကျော် တန်ဖိုးရှိပါတယ်။
အဲဒီဥပေဒသစ် စတင်အသက်ဝင်တဲ့ ကြာသပတေးမှာပဲ ဆန္ဒပြသူတွေဟာ အကာအရံတွေကို မီးရှို့ခဲ့ပြီး တာဝန်ကျအဓိကရုဏ်း နှိမ်နင်းရေးရဲတွေကိုလည်း ကျောက်ခဲတွေနဲ့ ပစ်ပေါက်ခဲ့ကြပါတယ်။
နှစ် ၄၀ ကြာ လောင်စာဆီအမတော်ကြေး ထောက်ပံ့မှုဟာ နိုင်ငံ့စီးပွားရေးကို ယိုယွင်းစေတယ်လို့ သမ္မတ မိုရဲင်နိုက သတင်းထောက်တွေကို ပြောပါတယ်။
လက်ရှိမှာ အီကွေဒေါအစိုးရဟာ ဘဏ္ဍာရေးလိုငွေပမာဏကို လျော့ချချင်နေတာပါ။ အခုနှစ်မှာ အမေရိကန်ဒေါ်လာ ၃ ဒဿမ ၆ ဘီလီယံကနေ ၂၀၂၀ မှာ အမေရိကန်ဒေါ်လာ ၁ ဘီလီယံအထိ လျော့ချဖို့ ခန့်မှန်းထားပါတယ်။
သမ္မတ မိုရဲင်နိုဦးဆောင်တဲ့ အီကွေဒေါအစိုးရဟာ ဖေဖော်ဝါရီလက နိုင်ငံတကာငွေကြေး ရန်ပုံငွေအဖွဲ့ (IMF) နဲ့ အမေရိကန်ဒေါ်လာ ၄ ဒဿမ ၂ ဘီလီယံ တန်ဖိုးရှိတဲ့ သဘောတူညီချက် ရခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။