Live
Home
မြန်မာသတင်း
၉ လအတွင်း သွေးလွန်တုပ်ကွေးရောဂါကြောင့် သေဆုံးသူ ၁၀၇ ဦးရှိပြီ
DVB
·
October 4, 2019
နိုင်ငံတဝန်း ဇန်နဝါရီ ၁ ရက်ကနေ စက်တင်ဘာ ၂၁ ရက်အထိ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသူ ၁၈,၃၂၀ ဦးရှိပြီး သေဆုံးသူ ၁၀၇ ဦးရှိတယ်လို့ ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာနက အောက်တိုဘာ ၃ ရက်မှာ ထုတ်ပြန်ပါတယ်။ သွေးလွန်တုပ်ကွေးရောဂါအဖြစ်အများဆုံးကတော့ ကချင်ပြည်နယ်၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ရခိုင်ပြည်နယ်နဲ့ မန္တလေးတိုင်းတို့ ဖြစ်တယ်လို့ သိရပါတယ်။ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုက ကချင်ပြည်နယ်မှာ ၂,၉၀၄ ဦး၊ ဧရာဝတီတိုင်းမှာ ၂,၆၃၁ ဦး၊ ရန်ကုန်တိုင်းမှာ ၂,၄၆၄ ဦး ရှိခဲ့ပြီး သေဆုံးမှုက ကချင်ပြည်နယ်မှာ ၂၉ ဦး၊ ရန်ကုန်တိုင်းမှာ ၂၄ ဦး နဲ့ ဧရာဝတီတိုင်းမှာ ၁၁ ဦး ရှိတယ်လို့ ဆိုပါတယ်။ သွေးလွန်တုပ်ကွေးဟာ အရင်က အသက် ၁၅ နှစ်အောက်တွေမှာ အဖြစ်များပေမယ့် ခုတော့ အသက်အရွယ်မရွေးဖြစ်နေပြီး အေဒီးစ်ခြင်ကျားကိုက်ခံရတာကြောင့် ဖြစ်ပါတယ်။  ဒီရောဂါဟာ မိုးရာသီမှာ အဖြစ်များပေမယ့် တချို့ တိုင်းနဲ့ ပြည်နယ်တွေမှာတော့ တနှစ်လုံးဖြစ်တတ်ပါတယ်။ အခုဖြစ်တာမှာတော့ အသက် ၅ နှစ်ကနေ ၉ နှစ်အရွယ်ကလေးတွေမှာ အဖြစ်များနေပြီး ဖြစ်ပွားသူစုစုပေါင်းရဲ့ ထက်ဝက်လောက်ရှိနေပါတယ်။ ပြီးတော့ သွေးလွန်တုပ်ကွေးဟာ ရာသီအကူးအပြောင်းမှာ ဖြစ်တတ်တဲ့ တုပ်ကွေးလက္ခဏာ တွေနဲ့ မကွာခြားလို့ ဂရုစိုက်ဖို့လိုတယ်လို့ ကျန်းမာရေးဌာနက သတိပေးထားပါတယ်။ စိုးရိမ်ရတဲ့ လက္ခဏာတွေကတော့ ၂ ရက်ကနေ ၇ ရက်လောက်အထိဖျားပြီး ဂနာမငြိမ် ဖြစ်တာ၊ မှိန်းတာ၊ ခြေလက် အေးစက်တာ၊ အစာ/ရေ မဝင်လောက်အောင် အန်တာ၊ ကော်ဖီရောင်အရည် အန်တာ၊ ဝမ်းမည်းမည်းသွားတာ၊ ကိုယ်ပူချိန်ရုတ်တရက်ကျသွားတာတွေ ဖြစ်ပြီး ဆေးရုံဆေးခန်းကို အမြန်ဆုံးသွားဖို့ တိုက်တွန်းထားပါတယ်။ ရောဂါကို ကာကွယ်နိုင်ဖို့အတွက်ကတော့ ခြင်မကိုက်အောင် နေဖို့နဲ့ ခြင်ကိုနှိမ်နင်းဖို့ လိုပါတယ်။ ၂၀၁၈ ခုနှစ်တုန်းကတော့ သွေးလွန်တုပ်ကွေးကြောင့် တနိုင်ငံလုံးမှာ လူပေါင်း ၁၀၀ ကျော် သေဆုံးခဲ့ပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024