Homeမြန်မာသတင်း
ကြယ်ကလေးတို့ရဲ့ဂီတမိုးကောင်းကင်မှ မြန်မာအိုင်ဒေါဆီရောက်လာသည့် ဆယ်ကျော် သက်ပြိုင်ပွဲဝင်(ရုပ်သံ)
ကြယ်ကလေးတို့ရဲ့ဂီတမိုးကောင်းကင်မှ မြန်မာအိုင်ဒေါဆီရောက်လာသည့် ဆယ်ကျော် သက်ပြိုင်ပွဲဝင်(ရုပ်သံ)
DVB
·
October 2, 2019

ကလေးငယ်တွေရဲ့ ပါရမီ၊ ဗီဇနဲ့ အစွမ်းအစကို ပိုပြီးတော့ တောက်ပလာအောင် ပျိုးထောင်ပေးတဲ့ ရုပ်သံအစီအစဉ်တွေထဲမှာ Starlet’s Sky - ကြယ်ကလေးတွေရဲ့ ဂီတမိုးကောင်းကင် အစီအစဉ်ဟာလည်း တခုအပါအဝင်ပဲ ဖြစ်ပါတယ်။
အဲဒီပြိုင်ပွဲတွေမှာ အကြိတ်အနယ် အဆင့်ဆင့် ယှဉ်ပြိုင်ပြီး မြန်မာသံ၊ ခေတ်ပေါ် စတီရီယိုသံစတဲ့ သီချင်းအမျိုးအစားတွေ အမျိုးမျိုးနဲ့ ယှဉ်ပြိုင်ခဲ့ရတာဟာ တချိန်မှာ ဂီတ လမ်းကို လျှောက်လှမ်းချိန်မှာတော့ တကယ့်ကို အထောက်အကူရစေပြီး အောင်မြင်မှုရဲ့ လှေကားတထစ် ဖြစ်နေပါတယ်။
ဒီပြိုင်ပွဲကနေ ပါဝင်သီဆိုပြီး လက်ရှိဂီတလမ်းမပေါ်ကို ရောက်ရှိလာခဲ့သူတွေထဲ မှာတော့ ဝိုင်းလမင်းအောင်၊ မေသက်ထားဆွေ၊ အက်စ်တာဒွေးစတဲ့ ပါရမီရှင်ကလေးငယ်တွေ ပါဝင်နေခဲ့ပါတယ်။
ခုတခါမှာတော့ Starlet’s Sky ရဲ့ ကြယ်ပွင့်တဦးဖြစ်ခဲ့တဲ့ အေးမြဖြူက နာမည် ကြီး သီချင်းဆိုပြိုင်ပွဲတခုဖြစ်တဲ့ Myanmar Idol ရဲ့ စင်မြင့်ဆီကို တက်လှမ်းဖို့ ခြေလှမ်း နေခဲ့ပါပြီ။
အေးမြဖြူလို့ ပြောလိုက်တာနဲ့ ဖြူဖြူကျော်သိန်းရဲ့ သီချင်းတွေနဲ့ ကလေးအရွယ်နဲ့ မလိုက်အောင် သီချင်းသီဆိုအစွမ်းပြပြီး ပရိသတ်ချစ်ခင်အားပေးမှု ရရှိခဲ့တဲ့ Starlet’s Sky ပြိုင်ပွဲဝင်တယောက်မှန်း သိနေကြပြီး ဖြစ်မှာပါ။
အသက် ၉ နှစ်အရွယ်လောက်ထိ သီချင်းတွေသီဆိုပြိုင်ပွဲဝင်ခဲ့တဲ့ သူက လက်ရှိ မှာတော့ ဆယ်တန်းအောင်မြင်ခဲ့ပြီဖြစ်ကာ ၁၆ နှစ်အရွယ် ရှိနေခဲ့ပါပြီ။
ခုတကြိမ် တကျော့ပြန် Myanmar Idol ရဲ့ Audition အဆင့်မှာတော့ အေးမြဖြူ က နီနီခင်ဇော်ရဲ့ ရက်စက်သွားသူသီချင်းနဲ့ ယှဉ်ပြိုင်ခဲ့တာပါ။
ကိုယ်တိုင်ဂစ်တာတီးပြီး သီဆိုပြခဲ့တဲ့ သူ့ရဲ့ သီဆိုမှုအပေါ် ဒိုင်တဦးဖြစ်တဲ့ တင် ဇာမော်က တည်ငြိမ်တဲ့ အသံပိုင်ရှင်အဖြစ် ချီးကျူးခဲ့ပြီး ဖြူဖြူကျော်သိန်းကတော့ မူရင်း တေးသံရှင်ရဲ့ လွှမ်းမိုးမှုမရှိပဲ မာယာမပါတဲ့ ကိုယ်ပိုင်ဟန်အဖြစ် ချီးကျူးခဲ့တာကို တွေ့ရ ပါတယ်။
နောက်ဆုံးမှာတော့ ဒိုင်တွေပေးတဲ့ Golden Ticket ရရှိသွားခဲ့ပြီး သူ့ရဲ့ Myanmar Idol နဲ့ ဂီတပြေးလမ်းပေါ်က လျှောက်လှမ်းမှုတွေကိုတော့ စောင့်မျှော်ကြည့် ရှုကြရမှာပဲ ဖြစ်ပါတယ်။
လတ်တလောမှာတော့ အေးမြဖြူရဲ့သီဆိုယှဉ်ပြိုင်မှုရုပ်သံဗွီဒီယိုဖိုင်ကို ဖေ့စ်ဘွတ်ခ်ပေါ်မှာ ဝင်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၃ သန်းနီးပါး ရှိနေခဲ့ပြီ ဖြစ်ပါတယ်။
Myanmar Idol သီချင်းဆိုပြိုင်ပွဲကိုတော့ မြန်မာနိုင်ငံမှာ ရွှေသံလွင်ကုမ္ပဏီက စီ စဉ်ပြီး ၂၀၁၆ ခုနှစ်မှာ Season 1 အဖြစ် ကျင်းပခဲ့ပြီး Winner ဆုကိုတော့ စောလားထော်ဝါးက ရရှိခဲ့တာ ဖြစ်ပါတယ်။
၂၀၁၇ ခုနှစ်ရဲ့ Myanmar Idol Season 2 မှာတော့ Winner ဆုရှင်အဖြစ် သား ငယ်က ရရှိခဲ့တာပါ။ ၂၀၁၈ ခုနှစ်ရဲ့ Myanmar Idol Season 3 နောက်ဆုံးအဆင့် ပြိုင် ပွဲကတော့ ပရိသတ်တွေကြား လှုပ်ခတ်စေခဲ့တဲ့ ပြိုင်ပွဲတခု ဖြစ်ခဲ့ပါတယ်။
ပြိုင်ပွဲရဲ့ နောက်ဆုံးအဆင့်ထိ ရောက်ရှိခဲ့ကြတဲ့ ဖြိုးမြတ်အောင်နဲ့ ချမ်းမြေ့မောင် ချိုတို့ကို အားပေးတဲ့ ပရိသတ်တွေအချင်းချင်းကြားမှာ အပြိုင်အဆိုင် အကြိတ်အနယ်ရှိ နေခဲ့ကြတာ ဖြစ်ပါတယ်။
ဒါပေမယ့် ပြိုင်ပွဲနောက်ဆုံးနေ့မှာတော့ ကျန်းမာရေးကြောင့် ချမ်းမြေ့မောင်ချိုက ဝင်ရောက်ယှဉ်ပြိုင်ခြင်းမရှိခဲ့ပဲ Winner ဆုကို ဖြိုးမြတ်အောင်က ရရှိသွားခဲ့တာ ဖြစ်ပါတယ်။
အခုနှစ်ရဲ့ Myanmar Idol Season 4 ကိုတော့ လက်ရှိကျင်းပနေပြီဖြစ်ကာ တေးသံရှင် အောင်ကိုလတ်၊ တင်ဇာမော်နဲ့ ဖြူဖြူကျော်သိန်းတို့က ဒိုင် တွေအဖြစ် ပါဝင် နေကြတာ ဖြစ်ပါတယ်။