လက်နက်ကျည်ထိမှန် ဒဏ်ရာရသွားသည့် ရခိုင်ပြည်နယ်သံဃနာယက ဆရာတော်ကို ဝန်ကြီးချုပ်တွေ့ဆုံ
DVB
·
October 2, 2019

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ မီးဝကျေးရွာမှာ ပစ်ခတ်တိုက်ခိုက်မှုတွေဖြစ်ပွားပြီး လက်နက်ကျည်ထိမှန်ဒဏ်ရာရသွားတဲ့ ပြည်နယ်သံဃနာယက အတွင်းရေးမှူးဆရာတော်ကြီးရဲ့ ကျန်းမာရေးအခြေအနေကို ရခိုင်ပြည်နယ်ဝန်ကြီးချုပ်က သွားရောက် ကြည့်ရှုခဲ့ပါတယ်။
အောက်တိုဘာ ၁ ရက် နေ့လယ်ပိုင်းမှာ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးညီပုနဲ့အဖွဲ့က ဆေးရုံမှာ လာရောက်ကြည့်ရူခဲ့တာ ဖြစ်ပါတယ်။
အောက်တိုဘာ ၁ ရက် မနက် ၁ နာရီလောက်က မီးဝကျေးရွာမှာလက်နက်ကျည်တွေနဲ့ ပစ်ခတ်မှုတွေကြောင့် မီးဝဘုန်းတော်ကြီးကျောင်း ဆရာတော်ကြီး၊ ကိုရင်လေးတပါးနဲ့ ကျေးရွာသားသုံးဦးထိခိုက်ဒဏ်ရာရရှိသွားပြီး ဒဏ်ရာပြင်းထန်ရသွားတဲ့ ဆရာတော်ကြီးနဲ့ ကိုရင်ကိုတော့ စစ်တွေဆေးရုံကို အရေးပေါ်ပို့ဆောင်လိုက်ရတာပါ။
လက်ရှိ ဆရာတော်ကြီးရဲ့ ကျန်းမာရေးအခြေအနေ စိုးရိမ်စရာမရှိပေမယ့် ဒဏ်ရာပြင်းထန် ရရှိခဲ့တဲ့ ကိုရင်လေးကတော့ အခြေအနေစိုးရိမ်ရတယ်လို့ မိသားစုဝင်တွေက ပြောဆိုပါတယ်။
မီးဝကျေးရွာအနီးကနေ တပ်မတော်ရေတပ်က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ရွာဘက်ကို လှမ်းပစ်ခဲ့လို့ ဘုန်းကြီးကျောင်းမှာ ခိုလှုံဖို့ ရောက်ရှိလာတဲ့ ကျေးရွာသားတွေ အပါအဝင် ကျောင်းထိုင်ဆရာတော်နဲ့ ကိုရင်လေးတပါးပြင်းထန်ဒဏ်ရာရရှိခဲ့တာလို့ ရွာသားတွေက ပြောပါတယ်။
အနောက်ပိုင်းတိုင်းစစ်ဌာချုပ် တိုင်းဦးစီးဗိုလ်မှူးကြီးဝင်းဇော်ဦးကတော့ “ကျနော်တို့ Navy ပစ်လို့ မှန်တယ်ဆိုတာ ဖြစ်နိုင် မဖြစ်နိုင် ဘယ်လိုပြောရမှာလဲ မဖြစ်နိုင်ဘူးခင်ဗျ၊ သူပစ် ကိုယ်ပစ်ပဲ၊ ကျနော့် ကျည်လား၊ သောင်းကျန်သူ ကျည်လားဆိုတာ ဘယ်လိုမှဝေခွဲလို့ မရဘူးခင်ဗျ၊ ဘာဖြစ်လို့လဲ ဆိုတော့ ကျနော်တို့က ကုလားတန်မြစ်ဘေးရွာရဲ့အဝမှာ ရှိနေသေးတယ်။ မီးဝကျေးရွာက ကျနော်တို့ မရောက်သေးဘူး။ အဲ့ဒီမှာ သောင်းကျန်သူက မီတာ ၇၀၀ ၊ ၈၀၀ ကနေ လှမ်းစပစ်တာ” လို့ ပြောပါတယ်။
ဝဏ္ဏခွာညို