ပလိပ်ချည်မျှင်စက်ရုံက ၀န်ထမ်းအိမ်ရာများ ဆိုးဆိုးဝါးဝါး ပျက်စီးနေ

ပလိပ်ချည်မျှင်စက်ရုံရဲ့ ၀န်ထမ်းအိမ်ရာအများစုဟာ မိုးတွင်းမှာ ရေကြီးရေလျှံပြီး မိုးမလုံဖြစ်နေတာ ၅ နှစ်ကျော်ရှိသွားပေမယ့် တာဝန်ရှိသူတွေက အိမ်ခန်းကြေးသာ ပုံမှန်ကောက်ပြီး ပြင်ဆင်မပေးဘူးလို့ လက်ရှိနေထိုင်နေသူတွေက ပြောပါတယ်။ “မမိုးနိုင်ဘူး ဒီလစာလေးနဲ့ ဒီသမီးလေး တယောက်တည်းနဲ့လာကြည့်၊ မမိုးနိုင်ဘူး ၄ နှစ်လောက်တော့ ရှိပြီ။” တတ်နိုင်သူတွေကတော့ ကိုယ့်ပိုက်ဆံနဲ့ကိုယ် သွပ်ဝယ်ပြီး ပြင်ဆင်နေထိုင်ကြသလို  မတတ်နိုင်သူတွေကလည်း တတ်နိုင်သလောက်လေးနဲ့ ဖာထေးနေထိုင်ကြရပါတယ်။ “ကျမတို့ကလာည်း စားဝတ်နေရေးနဲ့ပေါ့။ ဒီမှာ အဆင်မပြေတာလည်း များနေတော့ အမိုးက မလုပ်နိုင်ဖူး အမိုးမိုးဖို့ရာဆိုတာ။ ဒီနှစ်တောင် မနည်းပြန်စဉ်းစားရမယ်။ ဒီနှစ် တန်ခူးလဆိုရင် မိုးက လာပြီ။ ဒီလိုပဲ အမိုးနဲ့ အကာလုပ်ဖို့ရာကို ပိုက်ဆံက အတော်ကုန်ဦးမှာ။ စဉ်းစားယူရဦးမှာ အဲဒါကို။” အိမ်ထောင်မရှိတဲ့ ၀န်ထမ်းတွေကိုတော့  အခန်းမရှိတဲ့ တန်းလျားအဆောင်တွေမှာပဲ  အင်္ဂတေအခင်းပေါ် သုံးထပ်သားပြားခင်းနေထိုင်စေတဲ့အတွက် ရေရှည်မှာ ကျန်းမာရေး ထိခိုက်ကြတယ်လို့ ပြောပါတယ်။ စက်ရုံက တာဝန်ရှိသူတွေ အဆင့်ဆင့်ကို စက်ရုံအလုပ်သမား တွေအနေနဲ့ တင်ပြထားပေမယ့် ဘာမှထူးခြားမလာဘူးလို့ ပြောပါတယ်။ “မိုးလုံဖို့ဆို ကျနော်တို့စက်ရုံမှူးဆီ တင်ပြတယ်။ ကျနော်တို့ အလုပ်သမားအဖွဲ့အစည်း အနေနဲ့ တင်ပြတယ်။ တင်ပြပေမယ့်လည်း စက်ရုံက ဘာမှလုပ်မပေးဘူး။ ကျနော်တို့ ရုံးချုပ်လည်း တင်ပြီးပြီ။ ရုံးချုပ်တင်လည်း အခြေအနေမထူးဘူး။ ဒီအတိုင်းပဲ။” ပလိပ်ချည်မျှင်စက်ရုံမှာ ၀န်ထမ်းအိမ်ရာအလုံးပေါင်း ၆၇၇ လုံးရှိပြီး အခုလို မိုးမလုံဘဲ အခြေအနေဆိုးတဲ့ အိမ် ၃၀၀ ကျော်ကို ပြင်ဆင်ပေးစေချင်တယ်လို့  ၀န်ထမ်းတွေက ဒီဗွီဘီကို ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up