DVB Logo
Home
မြန်မာသတင်း
ပူတာအိုခရိုင်က ဆန်ပြတ်လပ်မှုပြဿနာ မဖြေရှင်းနိုင်သေး
DVB
·
December 31, 2012
Donate to DVB

ကချင်ပြည်နယ်မြောက်ပိုင်း ပူတာအိုခရိုင်တွင်းမှာ အခုနှစ် မိုးတွင်းကတည်းက ဆန်ပြတ်လပ်မှုပြဿနာကြုံတွေ့ခဲ့ရပြီး အခုချိန်ထိ ဖြေရှင်းနိုင်ခြင်းမရှိသေးပါဘူး။

ကချင်ပြည်နယ် ပူတာအိုနဲ့ မချမ်းဘောမြို့နယ်တွေမှာ  ပြီးခဲ့တဲ့နှစ်က ရာသီဥတုဖောက်ပြန်မှုကြောင့် စပါးအထွက်နည်းခဲ့တဲ့အပြင် မိုးတွင်း လမ်းပန်းဆက်သွယ်ရေး ခက်ခဲတာကြောင့် အခုနှစ် ဇူလိုင်လကတည်းက ဆန်ပြတ်လပ်မှုတွေ စတင်ဖြစ်ပွားခဲ့ပါတယ်။

ဒါ့အပြင် အဲဒီဒေသတွင်းမှာ ကချင်လွတ်မြောက်ရေးတပ်မတော်နဲ့ အစိုးရတပ်တွေအကြား တိုက်ပွဲတွေ ဖြစ်ပွားနေမှုရဲ့ အကျိုးဆက်အဖြစ် လမ်းတံတားတွေ ပျက်စီးပြီး လမ်းပန်း ဆက်သွယ်ရေး ပြတ်တောက်မှုတွေ ရှိနေတာကြောင့်လည်း စားနပ်ရိက္ခာ သယ်ယူလို့မရ ဖြစ်နေတယ်လို့ ပူတာအိုမြို့ ဦးဂျာအောင်က ပြောပါတယ်။

အခုချိန်မှာ လယ်တွေမှာ စပါးထွက်ပြီဖြစ်တဲ့အတွက် ဒေသခံတွေအတွက် စားရေးအတွက် ချောင်လည်လာပေမယ့် တခြားဒေသခံ စားနပ်ရိက္ခာတွေ လာရောက်ပို့ပေးနိုင်ခြင်းမရှိသေးဘူးလို့ ဦးဂျာအောင်က ပြောပါတယ်။

“အရင် မိုးတွင်းထက်စာရင်တော့ နည်းနည်း  အသက်ရှူချောင်တာပဲရှိတယ်။ လယ်စပါးတွေ ထွက်လာသေးတယ်။ ပံ့ပိုးမှုက ဘာမှမလာသေးဘူး။ စားနပ်ရိက္ခာယာဉ်တန်းကို စောင့်မျှော်နေကြတယ်။ ကားကလည်း သိပ်မသေချာဘူး၊ လာပြီတော့ ကြားတယ်။ ဒါပေမယ့် ဘယ်တော့ရောက်မှမသိဘူး။ ကေအိုင်အေက မိုင်းထောင် ခွဲတယ်ကြားတယ်။ ယာဉ်တန်း ၃ စီးကိုလေ။ ဆွမ်ပရာဘိုနဲ့အနီးတ၀ိုက်မှာလေ။ ၂၀ နဲ့ ၂၅ ကြားမှာ ခွဲပစ်တယ်လို့ ကြားတယ်။ အကြားပေါ့လေ။”

ကေအိုင်အေအဖွဲ့အနေနဲ့ ပူတာအိုကို ဆက်သွယ်ထားတဲ့ လမ်းကြောင်းတွေကို ဖောက်ခွဲဖျက်ဆီး တိုက်ခိုက်နေတဲ့အတွက် ဒေသသံပြည်သူတွေ စာသောက်ကုန်ဈေးနှုန်း ကြီးမြင့်ပြီး၊ ရိက္ခာရှားပါးမှုနဲ့ ရင်ဆိုင်နေရတဲ့အတွက် တပ်မတော်နဲ့ ကချင်ပြည်နယ်အစိုးရက ပူးပေါင်းပြီး စားနပ်ရိက္ခာတွေ ပို့ဆောင်ပေးနေတယ်လို့ ဒီနေ့ထုတ် အစိုးရသတင်းစာမှာ ဖော်ပြထားပါတယ်။

ဒါပေမယ့် ဒီလို ပို့ဆောင်ရာမှာ  ဒီဇင်ဘာလ ၂၈ ရက်နေ့က ဆွမ်ပရာဘွန်မြို့နယ်၊ က၀ယန်ကျေးရွာမှ ပူတာကို ထွက်ခွာတဲ့ ရိက္ခာယာဉ်တန်းကို ကေအိုင်အေ အဖွဲ့က တိုက်ခိုက်မှုတွေ ရှိခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။

ဒါပေမယ့် ဒီယာဉ်တန်းဟာ အစိုးရတပ်အတွက် သယ်တဲ့ ရိက္ခာယာဉ်တန်းလား၊ ဒေသခံလူထုအတွက် သယ်တဲ့ ယာဉ်တန်းလားဆိုတာတော့ ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။

စားနပ်ရိက္ခာယာဉ်တန်းကို တိုက်ခိုက်မှုနဲ့ပတ်သက်ပြီး ပူတာအိုမြို့ခံတွေကတော့ မြို့ခံလူထုတွေကို နည်းလမ်းတမျိုးနဲ့ သတ်ဖြတ်နေတာဖြစ်တယ်လို့ ဝေဖန်ပါတယ်။

ပူတာအိုမြို့ခံ ဦးဂျာအောင်က “လူထုကတော့ ယာဉ်တန်းကိုချူံခိုတိုက်တာတို့၊ တံတားဖျက်တာတို့ကို လုံးဝ စိတ်မကောင်းဘူး။ သွယ်ဝိုက်သောနည်းဖြင့် ကျနော်တို့ကို သတ်တာပဲလို့ ခံယူထားတာပေါ့လေ။ ထာဝရငြိမ်းချမ်းမှု ရှိစေချင်တယ်၊ အဓိက ဒါပဲ။ ငြိမ်းချမ်းမှုမရှိရင်တော့ ပူတာအိုသားတွေအနေနဲ့ကတော့ သွယ်ဝိုက်ပြီး သတ်ခံနေရဦးမယ်။ လက်ရှိ အာဏာပိုင်အဖွဲ့အစည်းကလည်း ဘာမှ ထိထိရောက်ရောက် ကူညီပေးတာ မရှိဘူး။ အပြောနဲ့အလုပ်က တခြားစီပဲ” လို့ ပြောပါတယ်။

ဒါ့အပြင် မြို့ခံအတွေအနနဲ့ ကေအိုင်အေနဲ့ အစိုးရတပ်တို့အကြားဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် တခြားမြို့ရွာကို သွားလာဖို့ အစစ်ဆေးများပြီး ခြိမ်းခြောက်မှုတွေ ရှိနေတဲ့အတွက် ခရီးသွားလာလို့ မရ ဖြစ်နေတယ်လို့လည်း ဆိုပါတယ်။

လက်ရှိအချိန်အထိ ပူတာအိုမြို့မှာ ဆန်ကြမ်း နို့ဆီဘူး ၄ လုံးကို ကျပ်ငွေ ၁၀၀၀ နဲ့ ၀ယ်ယူ စားသောက်နေကြရတယ်လို့ ဦးဂျာအောင်က ပြောပါတယ်။

ပူတာအိုဒေသက စားနပ်ရိက္ခာ အခက်အခဲတွေ့ နေသူတွေအတွက် နိုင်ငံရေးပါတီတွေနဲ့ ပြည်တွင်း အလှူရှင်တွေက ဆန်လှူဒါန်းနေပေမယ့် အစိုးရက ဆန်တင်ဖို့ လေယာဉ်ခရီးစဉ်တွေ သီးသန့်ပြေးဆွဲပေးတာ မရှိတဲ့အတွက် အကူအညီ လိုနေသူတွေဆီ စားနပ်ရိက္ခာတွေမရောက်ဘဲ ဖြစ်နေပါတယ်။

ကချင်ပြည်နယ်အတွင်း ကေအိုင်အေက မိုင်းခွဲဖျက်ဆီးမှုပေါင်း ၁၀၁ ကြိမ်ရှိခဲ့ပြီး ရထားလမ်းပိုင်းတွေနဲ့ မိုင်းပေါက်ကွဲမှုတွေကြောင့် ၂၀၁၁ မေ ၁၈ ရက်နေ့ကနေ ဒီဇင်ဘာလ ၂၁ ရက်နေ့အထိ ပျက်စီးဆုံးရှုံးမှု တန်ဖိုး စုစုပေါင်း ကျပ်သိန်း ၂၂၀ ကျော် ရှိတယ်လို့ ဒီနေ့ထုတ် အစိုးရ သတင်းစာမှာ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013