DVB Logo
Home
မြန်မာသတင်း
ရုပ်သေးကို ခေတ်ပေါ်ဇာတ်လမ်း၊ အင်္ဂလိပ်ဘာသာဖြင့် ပြနိုင်အောင် ကြိုးပမ်းရန်လို
DVB
·
December 31, 2012
ရုပ်သေးကို ခေတ်ပေါ်ဇာတ်လမ်း၊ အင်္ဂလိပ်ဘာသာဖြင့် ပြနိုင်အောင် ကြိုးပမ်းရန်လို
Donate to DVB

မြန်မာ့ရိုးရာ ရုပ်သေးသဘင်ကို ရိုးရာနဲ့သာမကဘဲ ခေတ်ပေါ်နဲ့ပါ ဇာတ်လမ်းတွေ တီထွင်ဖန်တီးဖို့နဲ့ အင်္ဂလိပ်ဘာသာစကားနဲ့ တင်ဆက်နိုင်အောင်လုပ်မှ နိုင်ငံတကာကို ပေါက်မြောက်မယ်လို့ ထွေးဦးမြန်မာ ရိုးရာရုပ်သေးအဖွဲ့ ဒါရိုက်တာ ဦးခင်မောင်ထွေးက ပြောပါတယ်။

ထွေးဦးမြန်မာအဖွဲ့ဟာ ဒူဘိုင်း၊ စင်ကာပူ၊ ဂျာမနီ၊ ဟော်လန်၊ ဩစတြီးယားနဲ့ ပြင်သစ် စတဲ့ ပြည်ပခရီးစဉ်တွေကို သွားရောက်ဖျော်ဖြေခဲ့သလို ပြည်တွင်းမှာလည်း ဖျော်ဖြေနေတာဖြစ်ပါတယ်။

ဒူဘိုင်းနိုင်ငံမှာ သုံးကြိမ်မြောက် သွားရောက်တင်ဆက်ခဲ့အပြီးမှာ  ပွဲစီစဉ်သူတွေက နောက် အခေါက်တွေကျရင် မြန်မာရုပ်သေးကို ခေတ်ပေါ်တင်ဆက်ဖို့ ရှိ မရှိ မေးခွန်းထုတ်တယ်လို့ ဦးခင်မောင်ထွေးက ပြောပါတယ်၊

ရိုးရာမဟုတ်ပေမယ့် ထိုင်းနိုင်ငံမှာမွေးစားပြီး လုပ်ဆောင်နေတာ အတော် ခရီးရောက်နေပြီ ဖြစ်ကြောင်းနဲ့ ကလေး၊ လူငယ်၊ လူကြီးစိတ်ဝင်စားအောင် ရုပ်သေးအနုပညာဖြင့်သာမက ခေတ်မီနည်းစနစ် အထောက်အကူပစ္စည်းတွေပါသုံးပြီး ကမ္ဘာနဲ့ ရင်ဘောင်တန်းနိုင်အောင် လုပ်ကိုင်နေကြတာ ကို တွေ့မြင်ရပါတယ်။

မြန်မာ့ရုပ်သေးဟာ  ရိုးရာပုံစံကြောင့်သာ ကမ္ဘာကျော်နေတာဖြစ်ပြီး ယနေ့ခေတ်ကမ္ဘာက တောင်းဆိုမှုဖြစ်တဲ့ ခေတ်ပေါ်ပုံစံကို ဖန်တီးဖို့ လိုအပ်ကြောင်း သူက ပြောပါတယ်။

“အာဆီယံပွဲလိုပဲ ဒူဘိုင်းပွဲမှာလည်း ကျန်တဲ့ ၃ဖွဲ့မှာ ၁၀၀ ရာခိုင်နှုန်း ရိုးရာသမားတွေ မဟုတ်တော့ဘူး။ ၅၀ က ရိုးရာ၊ ၅၀ က ခေတ်ပေါ်။ တချို့ဆို လုံးဝ ၁၀၀ ရာခိုင်နှုန်း ခေတ်ပေါ်။ ကျနော်တို့လို ရိုးရာအကတွေချည်းမဟုတ်ဘဲ ဇာတ်လမ်းလေးတွေ၊ အသိပညာပေးတာတွေ။ သူတို့က ဘာပြောလဲဆိုတော့ ငါတို့ ၂ ကြိမ်လုံး ရိုးရာပဲကြည့်နေရတယ်ပေါ့နော်။ တတိယအကြိမ် ဘာယူနိုင်မလဲ။ ရိုးရာအကတွေ မြင်ပြီးသားတွေပဲ မဟုတ်တော့ဘဲ၊ ရိုးရာပုံစံခွက်ထဲကပဲ ပြတိုက်သွားကြည့်တဲ့ပုံမျိုး သူတို့ မကြည့်ချင်တော့ဘဲနဲ့ အသစ်အဆန်းတွေ၊ ခေတ်မီတာလေးတွေ သူတို့ကြည့်ချင်တယ်ပေါ့။”

ရိုးရာရုပ်သေးကို စွန့်ပစ်ဖို့ ပြောဆိုတာမဟုတ်ဘဲ အသစ်တီထွင်ဖို့ ပြောဆိုတာလို့ ဖြည့်စွက်ပြောပါတယ်။

သူ့အနေနဲ့ ရိုးရာမပျောက်ကွယ်အောင် ရိုးရာပညာရှင်တွေကို စည်းရုံးသလို ခေတ်ပေါ်ဇာတ်လမ်းတွေ၊ ပြဇာတ်တွေအတွက် ခေတ်လူငယ်လေးတွေကို ရုပ်သေးပညာနဲ့ အသက်မွေးချင်အောင် စည်းရုံးနေတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ရိုးရာရုပ်သေးပညာနဲ့ပတ်သက်လို့ နိုင်ငံတော်နဲ့ တခြားပုဂ္ဂလိကပိုင်းကရော အားပေးမြှောက်စားမှု နည်းသလို ရိုးရာအစဉ်အလာကို ဖက်တွယ်လွန်းအားကြီးပုံကိုလည်း ဦးခင်မောင်ထွေးက ခုလို ပြောပါတယ်။

“ကျနော်တို့တိုင်းပြည်မှာ ရိုးရာရုပ်သေးဟာ ခက်ခဲနက်နဲတယ်၊ ရှေးကျတယ်ဆိုပြီး ဆိုကရေးတီးမှာ ရိုးရာအတိုင်းပြိုင်ကြ ဆုတံဆိပ်တွေယူကြ၊ တက္ကသိုလ်တွေမှာလည်း ထိုနည်းလည်းကောင်းပဲ၊ နှစ်တိုင်း ဆိုကရေးတီးတွေ ပြိုင်တယ်။ ရွှေတံဆိပ်တွေယူတယ်။ ဒါပေမယ့် သူတို့ အဲလမ်းကြောင်းကနေ ဖောက်ထွက်ဖို့ စိတ်မကူးကြဘူး။ နိုင်ငံတကာက ခုနကပြောသလို ရှေးဟောင်းပစ္စည်းလာကြည့်သလိုလောက်ပဲ လာကြည့်ချင်တယ်။ သူတို့က ခေတ်ပေါ်လမ်းကြောင်းကို တက်လှမ်းစေချင်ကြတယ်။ နောက် မြန်မာလူမျိုးတွေ ရုပ်သေး စိတ်မ၀င်စားတော့တာလည်း စိတ်ဝင်စားအောင် ခေတ်ပေါ်လမ်းကြောင်းကို တက်လှမ်းပေးနိုင်မှ ၀င်စားမယ်။ ဒါကြောင့် ဒါကို တာဝန်ကြီးတရပ်အနေနဲ့ ခံယူပြီးတော့ ချက်ချင်းတော့ ကျနော် မလုပ်နိုင်ဘူးပေါ့။ နိုင်ငံတော်အပိုင်းရော၊ ပုဂ္ဂလိကအနေနဲ့ရော ပံ့ပိုးမှုမရှိတော့ နိုင်သလောက် ဖြည်းဖြည်းချင်း လုပ်နေပါတယ်။”

၂၀၁၁ ခုနှစ်က ပြင်သစ်ရုပ်သေးပွဲတော်မှာ ရိုးရာတ၀က်၊ ခေတ်ပေါ်တ၀က် ပေါင်းစပ် တင်ဆက်ခဲ့သလို ၂၀၁၃ ခုနှစ်ကျရင်လည်း သူ့ဘ၀ဖြတ်သန်းမှုကို ရုပ်သေးကပြဖို့ ပြင်ဆင်နေပြီး ခေတ်ပေါ်ပိုင်းကို အစပျိုးနေတယ်လို့ ဆိုပါတယ်။

ရုပ်သေးကို အင်္ဂလိပ်ဘာသာနဲ့ပါ တင်ဆက်နိုင်အောင် စီစဉ်နေပြီး လက်ရှိဖြတ်သန်းနေတဲ့ အခြေအနေ အကူးအပြောင်းမှာ ခက်ခဲမှုကို ဦးခင်မောင်ထွေးက ခုလို ပြောပါတယ်။

“ကျနော့်အဖွဲ့ထဲမှာ ခေတ်ပညာတတ်ကျောင်းသားလေးတွေ၊ လူငယ်တွေ မပါသေးဘဲနဲ့ ရိုးရာပညာရှင်တွေနဲ့ လုပ်တော့ သူတို့က ရိုးရာကိုခေါက်ရိုးကျိုးနေတော့ ခေတ်ပေါ်တွေမှာ နည်းနည်းအခက်အခဲရှိတယ်။ ဥပမာ တညလုံးရိုးရာကရရင် မပင်ပန်းဘူး။ နာရီဝက်စာ ၁ နာရီစာ ခေတ်ပေါ် ပုံစံပြောင်းရင် ကြိုးဆွဲနည်းစနစ်ပြောင်းဆွဲရတာတွေ အရမ်းပင်ပန်းတယ်။ ဒါကြောင့် ခေတ်လူငယ်တွေပေါ့။ နိုင်ငံတကာအတွေ့အကြုံနဲ့ ယှဉ်တဲ့အခါ မြန်မာလိုပဲပြောနေတော့ မပေါက်ဘူး။ အပြည်ပြည်ဆိုင်ရာရုပ်သေးမှာ သူတို့က အင်္ဂလိပ်လို ပြောတဲ့အခါ ပရိသတ်ရင်ထဲ တန်းရောက်တယ်၊ ပရိသတ်တုံ့ပြန်မှု ချက်ချင်းရတယ်။ နောက်ပိုင်း ရုပ်သေးခေတ်ဇာတ်လမ်း၊ ခေတ်ပြဇာတ်ပြတဲ့အခါမှာ အရုပ်ရဲ့ နောက်ခံ ဆို ငို ပြော က သူတို့ကိုယ်တိုင်ပြောတာဖြစ်လာမှ ကျနော်တို့ ကမ္ဘာအဆင့်ကိုလည်းရောက်လာမယ်။ အဲလိုရောက်လာဖို့ လက်ရှိရိုးရာပညာရှင်တွေက uneducated လည်း များတယ်။ သူတို့က ရိုးရာနဲ့ပဲစလာတော့ ကူးပြောင်းတဲ့အခါ လေ့ကျင့်ရတာ တော်တော်ခက်ခဲတယ်။ အခု ရသလောက်လေး ဆွဲတင်နေပါတယ်။ ဒါပေမယ့် နောက်ပိုင်း ခေတ်လူငယ်ပညာတတ်လေးတွေ စိတ်ဝင်စားသူတွေများလာရင် ခေတ်ပုံစံ ၁၀၀ ရာခိုင်နှုန်း ကူးပြောင်းဖို့ ပြင်ဆင်နေပါတယ်။”

မြန်မာနိုင်ငံမှာ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းကနေ မြန်မာ့ရုပ်သေးကို ကမ္ဘာက လေးစားတဲ့ ပညာရပ်တခုအဖြစ် တင်ဆက်ဖို့ ရည်ရွယ်ပေမယ့် ဟိုတယ်လုပ်ငန်းရှင်တွေနဲ့ စားတော်ဆက်တွေက ရုပ်သေးသမားတွေကို ဧည့်သည်တွေ စားသောက်နေစဉ် ဖျော်ဖြေရေးအဆင့်လောက်သာ ထားတယ်လို့ ဆိုပါတယ်။

“မြန်မာပြည် ခရီးသွားလုပ်ငန်းက ဘယ်လိုဖြစ်နေလဲဆိုတော့ ရုပ်သေးပဲဖြစ်ဖြစ်၊ မြန်မာ့အနုပညာကိုပဲဖြစ်ဖြစ် သူတို့က အသုံးချချင်တာ။ ဧည့်သည်ကို ထမင်းစားရင်းနဲ့ ဟင်းတခွက်အနေနဲ့ ပြချင်တဲ့.အဲလိုပြောရင် သူတို့စိတ်ဆိုးရင်ဆိုးမယ်၊ ဒါပေမယ့် ဒါအမှန်ပါ။ သူတို့က မြန်မာ့အနုပညာကို ကျနော်တို့လို ပရော်ဖက်ရှင်တွေ ကောင်းကောင်းပြနေတာကို ထိုက်ထိုက်တန်တန် ဂုဏ်ယူပြချင်တဲ့ စိတ်မျိုးထက် သူတို့ဧည့်သည်ဆီက ပိုက်ဆံနည်းနည်းပဲတောင်းပြီး ပေါပေါလောလောနဲ့ ဟိုတယ်မှာကြည့်၊ စားသောက်ဆိုင်မှာကြည့် အဲလိုစိတ်မျိုးလေးပဲရှိလို့ ဘယ်လောက် ခရီးသွားတွေဝင်လာဝင်လာ ပွင့်ပွင့်လင်းလင်းပြောရင် သူတို့ မြှင့်တင်မပေးတဲ့အတွက် မထူးပါဘူး။ ကျနော်တို့ ခရီးသွားလုပ်ငန်းနဲ့ ရပ်တည်လို့ မရဘူး။”

ထွေးဦးမြန်မာအဖွဲ့ဟာ ဒီနှစ်လယ်ပိုင်းက စင်ကာပူနိုင်ငံမှာ အာဆီယံရုပ်သေးပွဲတော် တက်ခဲ့သလို လွန်ခဲ့တဲ့လပိုင်းက ဒူဘိုင်းနိုင်ငံမှာ အာရှကိုယ်စားပြု သွားရောက်ကပြခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013