DVB Logo
Home
မြန်မာသတင်း
၂၀၁၃ နှစ်သစ် ဆုတောင်းများ
DVB
·
December 31, 2012
၂၀၁၃ နှစ်သစ် ဆုတောင်းများ
1 / 11
Donate to DVB

ဦးတင်ဦး (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သဘာပတိအဖွဲ့ နာယက)

“၂၀၁၃ နှစ်သစ်စကားကတော့ တပြည်လုံးလွတ်လပ်ပြီး၊ ဒီမိုကရေစီရပြီးတော့၊ တရားဥပဒေစိုးမိုးပြီးတော့၊ တရားမျှတမှုရပြီးတော့. အဲအခြေခံအောက်မှာ တိုင်းရင်းသားအားလုံး၊ ပြည်သူလူထုတွေအားလုံး ညီညီညွတ်ညွတ် စည်းလုံးစေချင်တယ်။”

 

 

ဦးအောင်မင်း (ပြည်ထောင်စုဝန်ကြီး)

“၂၀၁၃ ကတော့ ကောင်းတဲ့နှစ်ဖြစ်မှာပဲ။ ၂၀၁၂ က စလုပ်ခဲ့တဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကလည်း ကချင်ကလွဲလို့ အားလုံးပြီးပြီလေ။ ပြည်သူပြည်သားတွေကလည်း ဒီမိုကရေစီဖော်ဆောင်ရေးအတွက် နိုင်ငံတော်အစိုးရနဲ့ ၀ိုင်းလုပ်နေကြပြီလေ။ အခု အဘတို့လုပ်နေတာ All Inclusive ပေါ့။ အဲမှာ နိုင်ငံရေးပါတီတွေဖြစ်တဲ့ အန်အယ်လ်ဒီပါတီ၊ အဖွဲ့အစည်းတွေဖြစ်တဲ့ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့တို့၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ အေဘီအက်စ်ဒီအက်ဖ် ဒီအဖွဲ့တွေနဲ့ အားလုံးက အဆင်ပြေနေပြီ။ စကားတွေပြောနေကြပြီ။ အားလုံပါဝင်ဆောင်ရွက်ရင် အဆင်ပြေဖို့ပဲရှိတာပေါ့။ ၂၀၁၃ ခုနှစ်ကတော့ ရွှေရောင်လွှမ်းတဲ့နှစ်ဖြစ်မယ်လို့ စိတ်ထဲမျှော်လင့်ထားတယ်။”

စုစုနွေး (လူ့အခွင့်အရေးလှုပ်ရှားသူ)

“၂၀၁၃ ခုနှစ်မှာ နိုင်ငံသူနိုင်ငံသားအားလုံး၊ ကမ္ဘာသူကမ္ဘာသားအားလုံး လူ့အခွင့်အရေးပြည့်ဝတဲ့ စစ်မှန်တဲ့ ဒီမိုကရေစီနိုင်ငံကို ခံစားစံစားနိုင်ပါစေလို့ ဆုတောင်းပါတယ်။ နောက်တခုက ၂၀၁၃ မှာ ကျမတို့ နိုင်ငံမှာ အလုပ်သမား၊ လယ်သမား၊ အခြေခံလူတန်းစားတွေဟာ သူတို့ရဲ့ အခွင့်အရေးတွေ အပြည့်အ၀ ရရှိပြီး နိုင်ငံမှာ ပျော်ရွှင်ချမ်းမြေ့စွာဖြင့် ဘ၀လမ်းတွေလျှောက်လှမ်းနိုင်ပါစေလို့ ဆုတောင်းပါတယ်။”

 

 

ဦးခွန်ထွန်းဦး(ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်)

“တိုင်းပြည်ကလည်း မငြိမ်၊ နိုင်ငံရေးကလည်း မရေမရာဆိုတော့ အားလုံးမျှော်လင့်နေကြတဲ့ ငြိမ်းချမ်းရေးကိစ္စတွေ အမြန်ဆုံးအကောင်အထည်ပေါ်ပေါက်လာပြီး လူထုတွေနဲ့ သက်ဆိုင်ရာပုဂ္ဂိုလ်တွေလည်း ငြိမ်းချမ်းရေးရဲ့ အရသာ၊ ငြိမ်းချမ်းရေးရဲ့ ကောင်းကျိုးတွေကို ခံစားနိုင်ကြပါစေလို့ ဆုတောင်းပေးပါတယ်။”

 

ကြည်ဖြူသျှင် (ဒါရိုက်တာ)

“နယူးရီးယားရောက်ရင် ပျော်ကြတယ်၊ နောင်နှစ်အတွက်ကို စိတ်သစ်လူသစ်နဲ့ အလုပ်တွေအများကြီးလုပ်ဖို့ စဉ်းစားကြတယ်။ ဒါပေမယ့် ဒီနှစ်ကျတော့ မထင်မှတ်ဘဲ ကြေးနီတောင်စီမံကိန်းနဲ့ ပတ်သက်ပြီး သံဃာတော်တွေထိခိုက်တာတွေ အများကြီးဖြစ်ကြတော့ နှစ်သစ်ကူးအတွက် ခေါင်းထဲမရှိနိုင်ဘဲ ပျော်ဖို့ဆိုတာထက် ရှေ့ဆက်ဘာဖြစ်မလဲ၊ တိုင်းပြည်က ရှေ့ဆက်ကောင်းမှာလား။ မကောင်းဘူးလားဆိုတဲ့ စိုးရွံ့မှုတွေများနေတယ်။ ပြည်သူတွေရဲ့ စိုးရွံ့မှုတွေပျောက်စေချင်တယ်။ နောက် ကိုယ့်ပါတီမှာက အခုဆိုရင် ညီလာခံကာလဖြစ်နေတယ်။ ဒီဇင်ဘာလကုန်ဆို မြို့နယ်ညီလာခံတွေပြီးမယ်။ ပြီးလို့ အားလုံးကျေနပ်စွာနဲ့ ၂၀၁၃ ကို တက်ညီလက်ညီနဲ့ အန်အယ်လ်ဒီပါတီမှာဆိုလည်း တကယ့် လူတော်တွေကို ညီလာခံကနေ ရွေးထုတ်ပေးနိုင်ပါစေလို့ ဆုတောင်းပါတယ်။ နောက်ပြည်သူတွေမျှော်လင့်တာ ဒီမိုကရေစီပန်းတိုင်ကိုပဲ။ ၂၀၁၃ ကနေစပြီးတော့ ရှေ့ဆက် နောက်ပြန်လှည့်သောနည်းလမ်းမပါဘဲနဲ့ နောက်ပြန်လှည့်သောအရိပ်အယောင်မရှိဘဲ ပြောင်းနိုင်ပါစေလို့ ဆုတောင်းပါတယ်။”

ဦးအေးသာအောင် (ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ)

“၂၀၁၂ မှာ တိုင်းရင်းသားပြည်သူတွေက ဒီမိုကရေစီပြောင်းလဲရေးတွေဖြစ်ဖို့၊ ပြည်တွင်းစစ်တွေ ရပ်စဲဖို့၊ ပြည်တွင်းငြိမ်းချမ်းရေးတွေရရှိဖို့ ဆန္ဒပြုခဲ့ကြတယ်။ ဒါပေမယ့် ပြည်သူတွေရဲ့ ဆန္ဒအပြည့်အ၀ မဖော်ဆောင်နိုင်ခဲ့ဘူး။ အခု ၂၀၁၃ ကူးပြောင်းတဲ့နှစ်မှာ ဒီမိုကရေစီ အပြောင်းအလဲတွေ ချောချောမောမောဖြစ်ဖို့ အစိုးရကလည်း အရင် အာဏာရှင်စနစ်ရဲ့ အကျင့်အကြံဟောင်းတွေကို စွန့်ပြီး၊ ဒီမိုကရေစီ အကျင့်အကြံတွေ၊ ပြည်သူတွေနဲ့ ဆွေးနွေးညှိနှိုင်း ဖြေရှင်းတာတွေကို ကြိုးပမ်းဆောင်ရွက်လာဖို့ လိုမယ်။ နောက်တပိုင်းကလည်း ပြည်တွင်းစစ်ရပ်စဲရေးလုပ်ဆောင်ရာမှာ ထိုးစစ်တွေ၊ စစ်ဆင်ရေးတွေ ရပ်ပြီးတော့ ကေအိုင်အို၊ ကေအိုင်အေနဲ့ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနဲ့ ဖြေရှင်းနိုင်လိမ့်မယ်လို့ ပြည်သူတွေရဲ့ ဆန္ဒနဲ့အညီ ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်။”

ဦးဂျင်မီ (၈၈မျိုးဆက်ကျောင်းသားများအဖွဲ့)

“နှစ်သစ်ကူးပေါင်းများစွာကို ကျနော်တို့ အကျဉ်းထောင်ထဲက ဖြတ်တာက များနေတယ်။ ဒီတခေါက် ဒီနှစ်သစ်ကူးကို ဒီဗွီဘီရုပ်သံကတဆင့် ကမ္ဘာကြီးတခုလုံးကို အကောင်းဆုံး ဆုမွန်ကောင်းတောင်းချင်ပါတယ်။ ငြိမ်းချမ်းတဲ့၊ ပွင့်လင်းတဲ့ လူ့အဖွဲ့အစည်းတွေ လှည်းနေလှေအောင်း မြင်းဇောင်းမကျန် ရပါစေ၊ ရယူနိုင်အောင်လည်း ကြိုးစားကြပါ။ ကြိုးစားမှုကနေ ရလဒ်ကောင်းတွေ ပေါ်ထွက်နိုင်ပါစေလို့ ဆုမွန်းကောင်း တောင်းပါတယ်။

ဦးကျော်သူ (နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ)

“ဒီလို နှစ်သစ်တွေ ကူးတိုင်းကူးတိုင်း နှစ်စဉ်နှစ်တိုင်း ကျနော်တို့အနေနဲ့ ဆုတောင်းမေတ္တာပို့တာတွေ ရှိတယ်။ ဒါပေမယ့် ဘယ်လိုပဲ ဆုတောင်းဆုတောင်း မပြည့်ခဲ့ပါဘူး။ မပြည့်ခဲ့ဘူးဆိုတော့ ဘဘဦးသုခရဲ့ စကားအတိုင်း ဖြစ်ချင်တိုင်းလည်း မဖြစ်ရ၊ မဖြစ်ချင်တာတွေ ဖြစ်နေရတယ်။ ကျနော်ထပ်မံပြီးတော့ အများပြည်သူကို ပြောချင်တာက ‘တကယ်ဖြစ်ချင်ရင် တကယ်လုပ် အဟုတ်ဖြစ်ရမယ်’ ဆိုတဲ့စကားပါပဲ။ ဒီစကားလေးနဲ့ပဲ နှုတ်ခွန်းဆက်ပါရစေ၊ ဆုမွန်ကောင်းတောင်းပါရစေ။”

ဒေါ်မာမာအေး (တေးသံရှင်)

“ခါတိုင်းခါတိုင်းဆိုရင် ကျမက တခြားနိုင်ငံမှာမဟုတ်လားရှင်။ အဲအခါကျတော့ ကိုယ့်နိုင်ငံက မြန်မာပြည်သားအားလုံးကို၊ ကျမချစ်တဲ့ သောတရှင်တွေအားလုံးကို သီချင်းလေးတပုဒ်နဲ့ အမြဲတမ်းပို့လွှတ်ပြီး မေတ္တာပို့ခဲ့ပါတယ်။ ဒီနှစ်တော့ သီချင်းလေးကို ကျမ မရေးနိုင်ပါဘူး။ အဲဒါကြောင့် အားလုံးကို နှလုံးစိတ်ဝမ်း ချမ်းသာပါစေ၊ နှစ်သစ်မှာ ရွှင်လန်းကြပါစေ၊ အစစအရာရာ အခက်ခဲတွေကနေ လွတ်မြောက်ကြပါစေ၊ ငြိမ်းငြိမ်းချမ်းချမ်း ရှိပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။”

ဦးထွန်းလွင် (မိုးလေ၀သ ပညာရှင်)

“နှစ်သစ်ဟာ အခြားသော နှစ်သစ်များနဲ့မတူဘဲ ပိုမိုပြီး မင်္ဂလာကျက်သရေအပေါင်းနဲ့ ပြည့်စုံတဲ့ နှစ်သစ်ဖြစ်တယ်လို့ ဆိုချင်ပါတယ်။ နှစ်သစ်အခါသမယမှာ မြန်မာနိုင်ငံသူ နိုင်ငံသားအားလုံး ကျန်းမာရေးဖြင့် ပြည့်စုံခြင်း၊ စီးပွားရေးဖြင့် ပြည့်စုံခြင်း၊ မိတ်ကောင်းဆွေကောင်းနှင့် ပြည့်စုံခြင်း၊ သူတော်ကောင်းတရားများ ဆောက်တည်နိုင်ခြင်း စတဲ့မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေလို့ ဆုတောင်းမေတ္တာပို့သအပ်ပါတယ်။”

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013