DVB Logo
Home
မြန်မာသတင်း
တပ်မတော်သားအချို့ ထိုးကြိတ်သဖြင့် ကလေး ၁ ဦး သေဆုံး
DVB
·
December 28, 2012
Donate to DVB

ဧရာဝတီတိုင်း ဟင်္သာတမြို့နယ်အတွင်းမှာ နယ်မြေခံ တပ်မတော်သားတချို့ရဲ့ ၀ိုင်းဝန်းထိုးကြိတ်တာခံရတဲ့ ကလေး ၁ ဦးဟာ နှစ်ပတ်အကြာ ဆေးရုံမှာ ကွယ်လွန်ပါတယ်။

ဒီဇင်ဘာ ၁၄ ရက်နေ့ညပိုင်းက နတ်မော်ရွာသား ၁၆ နှစ်အရွယ် ကလေးငယ်တဦးဟာ နယ်မြေခံ ခလရ (၁၈) က တပ်မတော်သား ၁ ဦးကို ဆိုင်ကယ်ဝင်တိုက်မိပြီးနောက် ထူပေးစဉ်မှာ တပ်မတော်သားတွေက ၀ိုင်းဝန်းထိုးကြိတ်ကြတာဖြစ်ပါတယ်။

ဒီဒဏ်ရာတွေကို မိဘတွေက ဟင်္သာတမြို့နဲ့ ရန်ကုန်မြို့က ဆေးရုံတွေထိ သွားရောက်ကုသပေမယ့်လည်း မသက်သာဘဲ ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။

မောင်သန်းထိုက်အောင်ရဲ့ အခင်းဖြစ်မှု အခြေအနေကို မိခင်ဖြစ်သူ ဒေါ်ကြည်ကြည်ခင်က “၁၄ ရက်နေ့ည တပ်ကွေ့နားလေးမှာ၊ ၈ နာရီခွဲလောက်ရှိမယ်ထင်တယ်။ ဆိုင်ကယ်က ရဲဘော် ၁ ယောက်ကို ၀င်တိုက်မိတယ်တဲ့။ နောက် လဲသွားတဲ့သူကို ဆင်းထူတော့ ကလေးကို ၀ိုင်းဆွဲပြီး ကိုင်ပေးတဲ့သူက ကိုင်ပေး ထိုးတဲ့သူက ထိုးတယ်လို့ မြင်သူတွေက ပြောပြတယ်။ အခင်းဖြစ်ပြီး ကျမတို့ရောက်တော့ ကလေးအနား ကပ်ခွင့်၊ ကိုင်ခွင့်၊ ကြည့်ခွင့်မရပါဘူး” လို့ ပြောပါတယ်။

ဒီထိုးကြိတ်မှုဖြစ်စဉ်ကို မျက်မြင်မြင်တွေ့တဲ့ သက်သေ အမြောက်အမြားရှိပြီး လိုက်လံကူညီနေကြတယ်လို့ ဆိုပါတယ်။

သားဖြစ်သူ မော်သန်းထိုက်အောင်ဟာ ထိုးကြိတ်ခံရပြီး ၃ ရက်လောက်ကစလို့ အိမ်မှာ ခေါင်းမူးခေါင်းကိုက် စတင်ဖြစ်လာပြီး ဟင်္သာတမြို့က ဆေးခန်း၊ ဆေးရုံတွေမှာကုသခဲ့ပါတယ်။

ဒါပေမယ့် မသက်သာတာကြောင့် ရန်ကုန်မြို့က ဦးနှောက်နဲ့အာရုံကြောဆေးရုံကို တင်ပို့ကုသပေမယ့် ၂၇ ရက်နေ့ နေ့ခင်း ၃ နာရီမှာ ကွယ်လွန်ခဲ့တယ်လို့ ဒေါ်ကြည်ကြည်ခင်က ပြောပါတယ်။

သားငယ်ရဲ့ ဒဏ်ရာရရှိမှု အခြေအနေနဲ့ ပတ်သက်လို့ ဒေါ်ကြည်ကြည်ခင်က “၁၄ ရက်နေ့က ထိုးခံရပြီးတော့ ၁၉ ရက်နေ့လောက်မှာ ကလေးက ထိုင်ရင် တည့်တည့်မတ်မတ်ထိုင်ချင်ရင် နောက်ကမှီထားမှ ထိုင်လို့ရတဲ့အနေအထား။ ဆေးရုံမှာ ဒီအမေနဲ့ ဒီသား ကုသမှုစခံယူကတည်းက သေပြီး အခု ပြန်လာတဲ့အထိကို သူနဲ့ကျမ မိနစ်လောက်ပဲ ခွာနေခွင့်ရှိတဲ့အတွက် ကျမအားလုံးကို ခံစားမိတယ်၊ သိလည်းသိတယ်။ ကလေးက ၀မ်းထဲကရှိတဲ့၊ အသက်အန္တရာယ်ကို အနီးစပ်ဆုံး ထိခိုက်နိုင်တဲ့ ကလီစာတခု ပျက်ယွင်းပြီးမှ ဒီအခြေအနေ ဆိုက်ရောက်လာတယ်လို့ ဆရာမနဲ့ ဒေါက်တာတယောက် ပြောတာကို ရိပ်မိတယ်၊ သိလည်း သိတယ်။”

ဒီထိုးကြိတ်မှုအတွက် ဟင်္သာတရဲစခန်းမှာ အမှုဖွင့်ထားတယ်လို့ဆိုပါတယ်။ ခလရ ၁၈ တပ်ကတော့မောင်သန်းထိုက်အောင်အတွက် သတင်းမေးတာရှိပေမယ့် ဆေးဖိုးဝါးခတော့ မပေးဘူးလို့ ဆိုပါတယ်။

မောင်သန်းထိုက်အောင်ရဲ့ အလောင်းကို ရန်ကုန်ဆေးရုံကနေ  အိမ်ပြန်သယ်ရောက်ရှိနေပြီး မနက်ဖြန် ရွာကသုသာန်မှာ သင်္ဂြိုဟ်မှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013