Home
မြန်မာသတင်း
ပုဂ္ဂလိကပိုင် သတင်းစာထုတ်ခွင့်ပြု
DVB
·
December 28, 2012
အနှစ် ၄၀ ကျော်ကြာအောင် ပိတ်ပင်ထားတဲ့ ပုဂ္ဂလိကပိုင် နေ့စဉ်ထုတ် သတင်းစာတွေကို ထုတ်ခွင့်ပြုမယ်လို့ အစိုးရ ပြန်ကြားရေးဌာနက ကြေညာလိုက်ပါတယ်။ စစ်အစိုးရလက်ထက် နှစ်ပေါင်း ၄၀ ကြာအောင် ထုတ်ဝေခွင့်မပြုခဲ့တဲ့ ပုဂ္ဂလိကပိုင် နေ့စဉ်ထုတ် သတင်းစာတွေကို အရပ်သားအစိုးရအဖြစ် ပြောင်းလဲပြီး ၂ နှစ်ပြည့်မြောက်တဲ့ ဧပြီလ ၁ ရက်နေ့ကစလို့ ခွင့်ပြုတော့မယ်လို့ ပြန်ကြားရေးဌာနက သတင်းထုတ်ပြန်ပါတယ်။ အစိုးရကနေ ပုဂ္ဂလိကပိုင် သတင်းစာတွေ အများအပြား ထွက်ပေါ်ဖို့ရှိနေပြီး သတင်းစာလောက ပြောင်းလဲသွားတာတော့ ရှိလိမ့်မယ်လို့ နေ့စဉ်ထုတ် သတင်းစာထုတ်ဝေဖို့ ပြင်ဆင်နေတဲ့ The Voice weekly ဂျာနယ်က အယ်ဒီတာချုပ် ဦးကျော်မင်းဆွေက ပြောပါတယ်။ [caption id="attachment_34841" align="alignleft" width="150" caption="ဦးကျော်မင်းဆွေ"][/caption] “ပြောင်းလဲသွားတာတော့ တော်တော်တော့ ပြောင်းသွားလိမ့်မယ်။ အရင်ကတော့ ကျနော်တို့သည်ပင်လျှင် နေ့စဉ်ထုတ် သတင်းစာနဲ့ ရင်းနှီးမှု မရှိဘူးလေ။ အပတ်စဉ်ထုတ်လုပ်လာတဲ့ အခါမှာ နေ့စဉ်ထုတ် လုပ်တဲ့အခါ နံပါတ် ၁ ကတော့ စာဖတ်ပရိသတ်ကိုရော ပြည်သူလူထုကိုရော နေ့စဉ် သတင်းတွေ နေ့စဉ်ပေးလို့ရပြီ။ နေ့စဉ်အလုပ်လုပ်လာရမယ်။ နောက် စိန်ခေါ်မှုတခုပေါ့။ စိန်ခေါ်မှုဆိုတာက အခက်အခဲရောနေတဲ့ အခွင့်အလမ်းလို့ ပြောရမယ်။ ပရိသတ်ကတော့ စိစစ်တင်စရာမလိုဘဲ သတင်းတွေ လတ်လတ်ဆတ်ဆတ် နေ့စဉ်ဖတ်လို့ရနေမယ်။ ဒါတော့ အားသာချက်ရှိပါတယ်။” ပုဂ္ဂလိက သတင်းစာတွေ ထွက်ပေါ်လာရင် စာဖတ်သူတွေအတွက် ဘာတွေ လုပ်ပေးနိုင်မလဲ ဆိုတာနဲ့ပတ်သက်ပြီး ရန်ကုန်တိုင်းမီဒီယာဂရု အမှုဆောင်အရာရှိချုပ် ဦးကိုကိုက အခုလို သုံးသပ်ပါတယ်။ [caption id="attachment_18925" align="alignright" width="150" caption="ဦးကိုကို"][/caption] “ကျနော်ထင်တာတော့ အကြောင်းအရာတခုကို ချက်ချင်းတုံ့ပြန်တာမှာ ပိုမြန်ဆန်လာမယ်။ ဥပမာ အိုဘားမားလာသွားတာမျိုးပေါ့။ အခုက အပတ်စဉ်ထုတ်ဖြစ်တော့ အဲနေ့လာသွားတာက နောက်နေ့ထွက်မယ့် ဂျာနယ်အတွက် အဆင်ပြေပေမယ့် နောက်တပတ်မှထွက်မယ့် ဂျာနယ်တွေအတွက်က အိုဘားမားသတင်းတွေက သိပ်လတ်လတ်ဆတ်ဆတ် မရှိတော့ဘူး။ အဲလို နိုင်ငံတကာ၊ ပြည်တွင်း သတင်းအကြောင်းအရာတွေ အတွက်ကျတော့ နေ့စဉ်ထုတ် သတင်းစာတွေပေါ်လာတဲ့အခါမှာ အပြိုင်းအရိုင်း သူ့အမြင်ကိုယ့်အမြင် တင်ပြကြမှာတွေ ရှိလာလိမ့်မယ်။ အဲဒါမျိုး ကွဲပြားမှု ရှိလာမယ်။” အစိုးရက ပုဂ္ဂလိက သတင်းစာခွင့်ပြုလိုက်တဲ့အတွက် သတင်းစာလုပ်ငန်းက မဟုတ်တဲ့ အခြား စီးပွားရေးသမားကြီးတွေလည်း နေ့စဉ်ထုတ် သတင်းစာလုပ်ငန်းကို ၀င်ရောက်လာဖို့ ရှိတဲ့အတွက် အရင်းနှီးအနည်းငယ်နဲ့ လုပ်နေတဲ့ မီဒီယာလုပ်ငန်းလည်း ထိခိုက်နိုင်တယ်လို့ ဦးကိုကိုက ပြောပါတယ်။ အဲဒီအတွက် မီဒီယာ ဥပဒေမှာ အငယ်စား လုပ်ငန်းတွေကို ကာကွယ်ဖို့ ထည့်သွင်းရေးဆွဲနေတယ်လို့ ဦးကျော်မင်းဆွေက ပြောပါတယ်။ “နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ၀င်လာရင် ပြည်တွင်းကလူတွေ သေသွားမယ်။ နိုင်ငံတကာမှာလည်း သတင်းစာလောကကို နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု တိုက်ရိုက်လုပ်တာကို နှစ်ကာလတခုအထိ ကန့်သတ်ထားပြီး၊ ပြည်တွင်းမှာရှိတဲ့ လုပ်ငန်းရှင်တွေ၊ မီဒီယာသမားတွေ၊ မီဒီယာကုမ္ပဏီတွေ အတွေ့အကြုံ အတိုင်းအတာတခုလောက်အထိ ရင့်ကျက်မှုရပြီ ဆိုတော့မှ နည်းနည်းပါးပါး ပူးတွဲ ခွင့်ပြုတာမျိုး လုပ်ဖို့။ မီဒီယာဥပဒေမှာ ထည့်ဆွဲဖို့ လုပ်ထားတယ်။” အစိုးရပိုင် မြန်မာအလင်းသတင်းစာနဲ့ ကြေးမုံသတင်းစာကိုတော့ နိုင်ငံပိုင် ပြည်သူ့အကျိုးပြု သတင်းဌာနအဖြစ် ပြောင်းလဲ လုပ်ဆောင်ဖို့ ရှိနေတယ်လို့ ဦးကိုကိုက ပြောပါတယ်။ ပြည်သူ့အအကျိုးပြု သတင်းဌာနအဖြင့် လုပ်ဆောင်မယ်ဆိုရင် ပြန်ကြားရေးဌာနက ၀န်ထမ်းတွေ မပါဖို့ လိုတယ်လို့လည်း သူက သုံးသပ်ပြောဆိုပါတယ်။ “သူတို့က အများပြည်သူအကျိုးပြု မီဒီယာ ၀န်ဆောင်မှု အဖြစ် ပြောင်းမယ်တဲ့။ ပြောင်းဖို့ Governing Body တွေဖွင့်ထားတယ်။ Governing Body ကလည်း အစိုးရ၀န်ထမ်းတွေပဲ၊ ပြန်ကြားရေးဌာန အရာရှိတွေ ပါနေတုန်းပဲဆိုတော့ အကူးအပြောင်းအဆင့်လောက်ပဲ လုပ်ဖို့ပဲလို့ ယူဆတယ်။ တကယ့် ပြည်သူ့အကျိုးပြုမီဒီယာဝန်ဆောင်မှု သွားမယ်ဆိုရင်တော့ Governing Body က လွတ်လပ်ဖို့လိုတယ်။ နောက် ပြည်သူ့အကျိုးပြုမီဒီယာဝန်ဆောင်မှု တကယ်သွားမယ်ဆိုရင် ဘယ်ဝန်ကြီးဌာနရဲ့ လက်အောက်ကမှ ထုတ်လို့မရဘူး။ ၀န်ကြီးဌာနတခုခုကနေ ထုတ်နေသမျှ အစိုးရသတင်းစာပဲ ဖြစ်နေဦးမှာ။ ပြည်သူ့အကျိုးပြုမီဒီယာ တကယ်ဖြစ်ဖို့က ၀န်ကြီးဌာနတွေရဲ့ ဩဇာလွှမ်းမိုးမှုက လွတ်ကင်းတဲ့ သီးခြား ပြည်သူ့အကျိုးပြုဘုတ်အဖွဲ့က ထုတ်တဲ့ သတင်းစာတစောင်ဖြစ်မှပဲ စစ်မှန်တဲ့ ပြည်သူ့အကျိုးပြုမီဒီယာလို့ ပြောလို့ရမယ်။ သတင်းစာကတော့ ရပ်မယ့် ပုံမရှိဘူး။ ပြည်သူ့အကျိုးပြုဝန်ဆောင်မှု သွားမယ်ဆိုတော့ စောင့်ကြည့်ရမှာပဲ။” ပုဂ္ဂလိက သတင်းစာတွေ အများကြီးပေါ်ပေါက်လာရင် မြန်မာနိုင်ငံသား စာဖတ်သူတွေ ၀ယ်ဖတ်နိုင်ဖို့ ဈေးနှုန်းတခု ချမှတ်သင့်တယ်လို့ ဦးကျော်မင်းဆွေက ပြောပါတယ်။ “သတင်းလောကသားတွေ ဘယ်လောက်ပဲ အရည်အသွေးကောင်းအောင် လုပ်လုပ် ပြည်သူတွေက ၀ယ်မဖတ်ရင်တော့ အလကားပဲ။ ဒါကလည်း တဦးချင်းစီရဲ့ ၀င်ငွေ၊ သူတို့ သုံးစွဲနိုင်တဲ့အင်အားနဲ့ သက်ဆိုင်တယ်။ အဲဒါကလည်း ပြည်သူတဦးချင်းရဲ့ ၀ယ်ယူသုံးစွဲနိုင်ခွင့်၊ ၀ယ်ဖတ်နိုင်တဲ့ အတိုင်းအတာနဲ့ တတိုင်းတပြည်လုံးရဲ့ စီးပွားရေးအခြေအနေနဲ့လည်း ဆိုင်တယ်။ နေ့စဉ်သတင်းစာတွေက ပုဂ္ဂလိကအနေနဲ့ ထုတ်မယ်ဆိုရင် သူတို့ ၀ယ်နိုင်လောက်တဲ့ အတိုင်းအတာ ဈေးနှုန်းကို ကျနော်တို့က ချထားပေးဖို့ လိုမယ်။ စထုတ်ခါစမှ သတင်းစာထုတ်တဲ့သူတွေ အရှုံးခံရလိမ့်မယ်။”
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024