DVB Logo
Home
မြန်မာသတင်း
ကချင်အပေါ်ထိုးစစ် ဒီအေဘီကန့်ကွက်ရှုတ်ချ
DVB
·
December 28, 2012
ကချင်အပေါ်ထိုးစစ် ဒီအေဘီကန့်ကွက်ရှုတ်ချ
Donate to DVB

ကချင်ပြည်နယ်မှာ မြန်မာစစ်တပ်ကနေ ကြည်းတပ်နဲ့ လေတပ်တို့ကနေ အင်အားအလုံးအရင်းသုံးပြီး တိုက်ခိုက်နေတာကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ဒီမိုကရေစီအင်အားစုတွေ စုပေါင်းထားတဲ့ မြန်မာပြည် ဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ချုပ် (ဒီအေဘီ) က ကန့်ကွက်ရှုတ်ချလိုက်ပါတယ်။

ကချင်ပြည်နယ်မှာ မြန်မာတပ်မတော်က ထိုးစစ်တွေကို ချက်ချင်းရပ်ဆိုင်းပေးဖို့လိုပြီး တပြည်လုံး အတိုင်းအတာနဲ့ အပစ်ခတ်ရပ်စဲရေးလုပ်ဖို့ လိုတယ်လို့ ဒီအေဘီအထွေထွေအတွင်းရေးမှူး ရဲဘော်မျိုးဝင်းက ပြောပါတယ်။

[caption id="attachment_34825" align="alignright" width="150" caption="ဒီအေဘီအထွေထွေအတွင်းရေးမှူး ရဲဘော်မျိုးဝင်း"][/caption]

“ထိုးစစ်တွေ ချက်ချင်းရပ်ဆိုင်းဖို့လိုတယ်။ ရပ်ဆိုင်းပြီး အပစ်အခတ်ရပ်ဆိုင်းမှုကို တာဝန်ခံမှု၊ တာဝန်ယူမှုနဲ့ ဆောင်ရွက်ဖို့လိုတယ်။ နိုင်ငံရေးပြဿနာတွေကို စစ်ရေးအရဖိအားပေး ဆောင်ရွက်တဲ့ အခြေအနေမျိုးဟာ စစ်မှန်တဲ့ နိုင်ငံရေးပြဿနာအဖြေရှာနိုင်မှာ မဟုတ်ဘူး။ အားလုံးပါဝင်တဲ့ နိုင်ငံရေးအရတွေ့ဆုံဆွေးနွေးပွဲတွေကနေပဲ နိုင်ငံရေးပြဿနာအဖြေရှာနိုင်မယ်။ ဒါမှသာလျှင် အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အာမခံနိုင်မယ့် အမျိုးသားပြန်လည်သင့်မြတ်ရေးဖော်ဆောင်နိုင်မယ်လို့ ယုံကြည်တယ်။”

ဒီအေဘီအဖွဲ့ဟာ ၁၉၈၈ ခုနှစ် ဒီမိုကရေစီအရေးတော်ပုံကြီးအပြီးမှာ ပြည်ပကို ထွက်လာတဲ့ ကျောင်းသားတပ်မတော် အေဘီအက်စ်ဒီအက်ဖ်၊ လူ့ဘောင်သစ်ပါတီ စတဲ့ မြန်မာ့နိုင်ငံရေးအဖွဲ့အစည်းနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း ၂၅ ဖွဲ့  စုပေါင်းဖွဲ့စည်းထားတာလည်း ဖြစ်ပါတယ်။ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ဖို့အတွက် အဖွဲ့အစည်း အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးမှုမျိုး လိုတယ်လို့ ရဲဘော်မျိုးဝင်းက ဆက်ပြောပါတယ်။

“ယနေ့ကာလ ဒီမိုကရေစီအသွင်ကူးပြောင်းမှု၊ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်ရာမှာ တဦးကောင်း တယောက်ကောင်း သွားလို့မရဘူး။ ဒါကြောင့် တိုင်းရင်းသားအင်အားစုအားလုံး၊ ပြည်တွင်းပြည်ပ ဒီမိုကရက်အင်အားစုအားလုံး၊ အစိုးရအပါအ၀င်၊ တပ်မတော်အပါအ၀င် အားလုံးပါဝင်တဲ့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲကနေ ဒီကနေ့ တိုင်းပြည်နိုင်ငံရေးဖြစ်ထွန်းမှုတွေကို တွေ့ဆုံဆွေးနွေး အဖြေရှာပြီးမှ လုပ်ငန်းစဉ်ချမှတ်ဖို့ လိုတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကိုလည်းပဲ အားလုံးပါဝင်တဲ့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲကနေပဲ ပြင်ဆင်ဆောင်ရွက်သွားဖို့ လိုတယ်လို့ ယုံကြည်ပါတယ်။”

ကချင်လွတ်မြောက်ရေးတပ်မတော် (ကေအိုင်အေ) တပ်ဖွဲ့ရဲ့ စခန်းတွေ သိမ်းပိုက်ဖို့ မြန်မာစစ်တပ်က အင်းအားသုံးနေသလိုပဲ နိုင်ငံပိုင် သတင်းစာတွေကနေ ကေအိုင်အေ အဖွဲ့ဟာ အရပ်သားတွေ သုံးတဲ့ မီးရထားနဲ့ မီးရထားလမ်းတံတားတွေကို ဗုံးခွဲ တိုက်ခိုက်နေတယ်လို့ ရေးသား ဖော်ပြထားကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013