မြန်မာအလုပ်သမား ၅၀ ကျော် သေဆုံးခဲ့မှု၊ တာဝန်ရှိသူ ထိုင်း ၄ ဦးကို ထောင်ဒဏ်များချမှတ်
DVB
·
December 28, 2012
လွန်ခဲ့တဲ့ ၂၀၀၈ ခုနှစ်က မြန်မာအလုပ်သမား ၅၀ ကျော် အလုံပိတ် အအေးခန်းကားအတွင်း သေဆုံးရမှုမှာ တာဝန်ရှိတဲ့ ထိုင်းနိုင်ငံသား ၄ ဦးကို တရားရုံးက ထောင်ဒဏ်တွေ ချမှတ်လိုက်တယ်လို့ ဒီနေ့ထုတ် ဘန်ကောက်ပို့စ် ထိုင်းသတင်းစာမှာ ဖော်ပြပါတယ်။
၂၀၀၈ ခုနှစ် ဧပြီလက ထိုင်းလူကုန်ကူးသူတွေက မြန်မာအလုပ်သမား ၁၂၀ ကျော်ကို အအေးခန်းကားနဲ့ ထည့်ပြီး ထိုင်း-မြန်မာနယ်စပ် ရနောင်းကနေ နိုင်ငံတောင်ပိုင်း ဖန်ငနဲ့ ဖူးကတ်ဒေသတွေကို တရားမ၀င်ပို့ဆောင်ရာမှာ မြန်မာအလုပ်သမား ၅၄ ဦး အသက်ရှူမွန်းကျပ်ပြီး သေဆုံးသွားခဲ့ရတာပါ။
ဒီအမှုနဲ့ပတ်သက်ပြီး ကားမောင်းသူကို အရင်ကတည်းက ထောင်ဒဏ် ၆ နှစ် ချမှတ်ထားပြီး ဖြစ်ပါတယ်။ မနေ့ကတော့ ကားပိုင်ရှင်အပါအ၀င် ၄ ဦးကို ထိုင်းနိုင်ငံတွင်း အလုပ်သမားတွေခိုးသွင်းမှု၊ လူတွေသေဆုံးရအောင် လျစ်လျူရှုထားမှု စတဲ့ ရာဇ၀တ်မှုတွေနဲ့ ထောင်ဒဏ် ၁၀ နှစ်၊ ၉ နှစ်၊ ၆ နှစ်နဲ့ ၃ နှစ်စီ အသီးသီးချမှတ်လိုက်တာပါ။ ပြစ်ဒဏ်ချခံထားရသူတွေကတော့ အယူခံဝင်မယ်လို့ သိရပါတယ်။
သေဆုံးသွားတဲ့ မြန်မာအလုပ်သမားတွေကတော့ အမျိုးသမီး ၃၇ ဦးနဲ့ အမျိုးသား ၁၇ ဦးတို့ ဖြစ်ပြီး အများစုဟာ ဆယ်ကျော်သက်တွေနဲ့ အသက် ၂၀ အရွယ် လူငယ်တွေ ဖြစ်ကြပါတယ်။