DVB Logo
Home
မြန်မာသတင်း
လာမည့်နှစ်ဆန်း ငြိမ်းချမ်းရေးစကားဝိုင်းများ ဆက်လုပ်မည်
DVB
·
December 27, 2012
Donate to DVB

လာမယ့်နှစ် ဇန်န၀ါရီလအတွင်းမှာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ အစိုးရငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ဟာ  ကချင်လွတ်လပ်ရေးအဖွဲ့၊ ညီညွတ်သော တိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီအဖွဲ့၊ ကရင်အမျိုးသားအစည်းအရုံးနဲ့ပါ တွေ့ဆုံဖို့ ရှိတယ်လို့ ဦးအောင်မင်းနဲ့ နီးစပ်တဲ့ အမည်မဖော်လိုသူ ငြိမ်းချမ်းရေးအကျိုးဆောင်က ပြောပါတယ်။

အစိုးရနဲ့ ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ (ယူအန်အက်ဖ်စီ) အကြား နိုင်ငံရေးဆွေးနွေးပွဲလုပ်ဖို့ နှစ်ဘက်သဘောတူထားကြပြီးဖြစ်ပေမယ့် လာမယ့် ဇန်န၀ါရီအတွင်းမှာ တတိယနိုင်ငံတခုခုမှာ မူဘောင်ချမှတ်ဖို့ အကြိုဆွေးနွေးပွဲလုပ်ဖြစ်လိမ့်မယ်လို့ သူက ပြောပါတယ်။

လွန်ခဲ့တဲ့ ရက်ပိုင်းက ယူအန်အက်ဖ်စီ ခေါင်းဆောင် နိုင်ဟံသာက အစိုးရငြိမ်းချမ်းရေးအဖွဲ့ ခေါင်းဆောင် ၀န်ကြီးဦးအောင်မင်းထံ ဒီဇင်ဘာ ၂၃ ရက်နေ့မှာ စာပေးပို့ခဲ့ပြီး ဦးအောင်မင်းရုံးက ဒီဇင်ဘာ ၂၄ ရက်နေ့မှာ လက်ခံရရှိတယ်လို့ ပြောပါတယ်။ အဲဒီစာထဲမှာ နှစ်ဘက်နိုင်ငံရေးဆွေးနွေးဖို့အတွက် အကြိုညှိနှိုင်းဆွေးနွေးပွဲကို နှစ်ဘက်အဆင်ပြေမယ့် ပြည်ပနိုင်ငံတနိုင်ငံမှာ လုပ်ဆောင်ဖို့ အဆိုပြုကြောင်းနဲ့၊ အလွယ်ကူဆုံးနဲ့ အဆင်ပြေဆုံးဟာ ထိုင်းနိုင်ငံဖြစ်မယ်လို့ ယူဆပါကြောင်းဆိုပြီး ရေးသားလာပါတယ်။

ဒီလိုတောင်းဆိုရတာဟာ ယူအန်အက်ဖ်စီအဖွဲ့အစည်းတချို့နဲ့ ငြိမ်းချမ်းရေးကိုယ်စားလှယ်တချို့အပေါ် အရင်ကချမှတ်ထားတဲ့ ပြစ်မှုဆိုင်ရာ ဆုံးဖြတ်ချက်တွေကို အစိုးရက မရုပ်သိမ်းသေးလို့ ပြည်ပမှာ တွေ့ဆုံဖို့ ပြောရတာလို့ ရေးထားကြောင်း ဆိုပါတယ်။

ဒီစာအပေါ်  ဦးအောင်မင်းက လာမယ့် ၁ ရက် ၂ ရက်အတွင်း အကြောင်းပြန်ဖွယ်ရှိတယ်လို့ သူက ပြောပါတယ်။

အပစ်ရပ်သဘောတူထားတဲ့ ကရင်အမျိုးသားအစည်းအရုံးကတော့ မကြာသေးခင်ကမှ ညီလာခံအပြီး အသစ်ရွေးကောက်တင်မြှောက်ခဲ့တဲ့ ဗဟိုကော်မတီအသစ်က အစိုးရနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ဆက်လုပ်ဖို့နဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေဖြစ်အောင် တနိုင်ငံလုံးအပစ်ရပ်ဖို့ အစိုးရကို တောင်းဆိုထားပါတယ်။

ကချင်လွတ်လပ်ရေးအဖွဲ့ကတော့ ဌာနချုပ် လိုင်ဇာ အနားတ၀ိုက်ကို အစိုးရတပ်တွေ ကပ်နေပေမယ့်လည်း နိုင်ငံရေးပိုင်းဆိုင်ရာ ဆွေးနွေးဖို့ ဖြစ်လာမှာပါလို့လည်း အဆိုပါ ငြိမ်းချမ်းရေး ကိုယ်စားလှယ်က ပြောပါတယ်။ မကြာသေးခင်ကပဲ ခရစ်ယာန်ဘုန်းတော်ကြီးတွေ ကြားဝင်ညှိနှိုင်းပေးဖို့ လိုင်ဇာဌာနချုပ်ကို သွားခဲ့သေးတယ်လို့လည်း ဆိုပါတယ်။

လာမယ့် ဇန်န၀ါရီလအတွင်း အကြိုဆွေးနွေးပွဲနဲ့ ပတ်သက်လို့ ယူအန်အက်ဖ်စီ တာဝန်ရှိသူတွေကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေဆဲဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013