ကချင်ပြည်နယ် မိုးညှင်းမြို့တွင် ပေါက်ကွဲမှုဖြစ်ပွား
နန်းမြနဒီ
·
December 27, 2012
ကချင်ပြည်နယ် မိုးညှင်းမြို့မှာ မနေ့ည ၁၀ နာရီကျော်က ကျယ်လောင်တဲ့ ပေါက်ကွဲသံနဲ့ အတူ မရှေးမနှောင်း သေနတ်သံတွေပါ ကြားရတဲ့အတွက် မြို့ခံတွေ စိုးရိမ်ထိတ်လန့်နေကြတယ်လို့ မိုးညှင်းမြို့နယ် ကျားဖြူပါတီဥက္ကဋ္ဌ ဦးစိုင်းလှပေါ်က ပြောပါတယ်။
“ဗုံးကွဲပြီးတဲ့အချိန်မှာတော့ ရပ်ရွာလူထုတွေက တော်တော်ထိတ်လန့် တုန်လှုပ်သွားတယ်။ တအားစိုးရိမ်ပူပန်မှု ရှိကြတယ်။ မိုင်းကွဲသံ အကြီးစားက တော်တော်လေးကို အိမ်တွေဘာတွေတောင် တုန်ခါမှု ရှိသွားတယ်။ သေနတ်သံတွေက ဟိုကြိုးကြား၊ ဒီကြိုးကြား မြို့တွင်းမှာရော ပစ်ခတ်သံတွေ ကြားရတယ်။ ၅ မိနစ်၊ ၇ မိနစ်လောက်တော့ သေနတ်သံတွေ ကြားတယ်။”
ပေါက်ကွဲမှု ဖြစ်ပွားတဲ့နေရာကို အုတ်ကျင်းရပ်ကွက် အုပ်ချုပ်ရေးမှူးနဲ့ တာဝန်ရှိသူတွေ သွားရောက်စစ်ဆေးခဲ့ရာမှာ မိုးညှင်းဘူတာ ရှမ်းသချုင်္ိင်းအနီး ရထားသံလမ်းမှာ ပေါက်ကွဲခဲ့တယ် လို့ပြောကြောင်း၊ လူတွေ ထိခိုက်ပျက်စီးမှုမရှိတဲ့အကြောင်း တာဝန်ရှိသူတဦးက ပြောတယ်လို့ ဦးစိုင်းလှပေါ်က ဆိုပါတယ်။
သေနတ်သံတွေ ကြားရတယ်ဆိုတာကတော့ ဘယ်နေရာမှာ ဘာကြောင့် ပစ်နေသလဲဆိုတာ မသိရကြောင်း၊ ဘယ်သူ့ကြောင့် ဗုံးပေါက်ရသလဲဆိုတာလဲ မခန့်မှန်းနိုင်ကြောင်း ပြောပါတယ်။
အခြားဒေသခံတဦးရဲ့ အပြောအရ သေနတ်သံဟာ မန္တလေးကိုသွားမယ့် အစုန်ရထားပေါ်က လုံခြုံရေးစစ်သားတွေက မိုးပေါ်ထောင်ပြီး ခြောက်လှန့်တာဖြစ်ကြောင်း၊ ဗုံးသံကြောင့် ရထားကြီး ခဏနားပြီးမှ ပြန်ထွက်သွားတယ်လို့ ဆိုပါတယ်။
မိုးညှင်းမြို့နယ်ထဲမှာ ဒီဇင်ဘာ ၂၁ ရက်နေ့ကလည်း နမ္မားဘူတာနဲ့ ၂ မိုင်အကွာမှာ မိုင်းခွဲခံရတာတဲ့အတွက် မန္တလေး - မြစ်ကြီးနားသွား ကုန်တင်ရထားတစီးထိခိုက်ခဲ့ပြီး ရထားမောင်းသမားနဲ့ ခရီးသည် ၂ ဦး ဒဏ်ရာရခဲ့ပါတယ်။