DVB Logo
Home
မြန်မာသတင်း
ကေအိုင်အိုဌာနချုပ်အနီး လက်နက်ကြီးကျသဖြင့် အရပ်သား သေဆုံး
DVB
·
December 27, 2012
Donate to DVB

ကချင်ပြည်နယ်မှာ အစိုးရတပ်နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (ကေအိုင်အေ) အကြား တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး ဒီနေ့မနက်ပိုင်းက လက်နက်ကြီးကျည်ဆန်ထိမှန်ပြီး အရပ်သားတွေ သေဆုံး ဒဏ်ရာရာခဲ့ကြပါတယ်။

ဒီနေ့ မနက် ၃ နာရီမှာ အစိုးရတပ်တွေ တက်လာပြီးတော့ လဂျားယန်နားက နားလုံရွာကို အရောက် မိုင်းပဒေသာထိလို့ ပြန်လည် ဆုတ်ခွာသွားပေမယ့် ၁၀ နာရီလောက်မှာ လက်နက်ကြီးတွေနဲ့ ဖိပြီး ပစ်ခတ်ခဲ့တဲ့အတွက် ပန်ကွေ့ရွာ ဖရဲခြံအနီးမှာ အလုပ်လုပ်နေတဲ့ ရွာသား ၅ ဦးကို ထိမှန်ခဲ့ပြီး ၁ ဦး သေဆုံးခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (မြောက်ပိုင်း) ပြောခွင့်ရ ကိုမင်းဌေးက ပြောပါတယ်။

ဒဏ်ရာရတဲ့သူတွေကို ကေအိုင်အိုဌာနချုပ် လိုင်ဇာဆေးရုံကို တင်ပို့ခဲ့တယ်လို့ ဆိုပါတယ်။ ဒေါ့ဖုန်းယန်မြို့နယ်ခွဲ အနီးအနားမှာ တိုက်ပွဲတွေ ဖြစ်ပွားနေပြီး လက်ရှိ အခြေအနေကို ကိုမင်းဌေးက ရှင်းပြပါတယ်။

“လက်ရှိ ၁၀ နာရီခွဲလောက်မှာ ဒေါ့ဖုန်းယန် အောက်နားမှာ တိုက်ပွဲတွေဖြစ်နေကြတယ်။ မြစ်ကြီးနား၊ ၀ိုင်းမော်နားက ဆင်းလာပြီးမှ ကေအိုင်အိုကပေးနေတဲ့ မလိရေအားလျှပ်စစ်ရှိနေတဲ့ ကွမ်ရှောင်မှတ်တိုင်ဘက်ကို ၀င်တိုက်တယ်။ ရဟတ်ယာဉ်တွေနဲ့ ၀င်တိုက်တော့ သူတို့ ဆုတ်ပေးလိုက်ရတယ်။ ရေအားလျှပ်စစ်ကိုသွားထိတော့ မြစ်ကြီးနားနဲ့ ၀ိုင်းမော်ကို လျှပ်စစ်မပေးနိုင်တော့ဘူး။ တပ်ကိုလည်း ဒေါ့ဖုန်းယန်ကနေ ဖြည့်ပြီး တောက်လျှောက်တက်လာနေတယ်။ အင်အားတွေထပ်ဖြည့်ပြီး တဖြည်းဖြည်း တက်လာတယ်။”

အစိုးရတပ်က ကချင်လွတ်မြောက်ရေးတပ်မတော် ဌာနချုပ်ရှိရာ လိုင်ဇာကို တဖြည်းဖြည်းနဲ့ ကပ်လာတယ်လို့လည်း ဆိုပါတယ်။

ဒီဇင်ဘာလ ၂၅ ရက်နေ့နောက်ဆုံးထားပြီး ကေအိုင်အေတပ်တွေ ဆုတ်ခွာပေးဖို့ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးက အကြောင်းကြားစာပို့ပြီး မရှေးမနှောင်းမှာ ငြိမ်းချမ်းရေးအဖွဲ့ခေါင်းဆောင် ဦးအောင်မင်းက ကေအိုင်အိုကို ဆွေးနွေးဖို့ ကမ်းလှမ်းခဲ့ပါသေးတယ်။

ဒါကြောင့် ဒီပစ်ခတ်မှုတွေဟာ ဌာနချုပ်ကို စစ်ရေးအရ ဖိအားပေးဖို့ကြိုးစားတာဖြစ်ပြီး နောက်ပိုင်းမှ နိုင်ငံရေး ဆွေးနွေးဖို့ လုပ်ဆောင်တာလို့ ကိုမင်းဌေးက သုံးသပ်ပါတယ်။

မနေ့ကတည်းက စစ်မြေပြင်သတင်းအရ အစိုးရတပ်ဘက်က ရေကြောင်းကပါ လိုင်ဇာဌာချုပ်ဘက်ကို တပ်ကူတွေ ပို့လွှတ်နေတယ်လို့ လိုင်ဇာအနီး ကျောင်းသားစခန်းကုန်းက ကျောင်းသားရဲဘော် ကိုအောင်ဆွေဦးက ပြောပါတယ်။

“တင့်ကား ၂ စီး ကျနော်တို့နဲ့ ၃ မိုင်ကျော်လောက်မှာ ရောက်နေတယ် ကြားတယ်။ ဧရာဝတီမြစ်ရိုးဘက်ကနေ တက်တာ စက်လှေ အစီး ၂၀၊ ဗန်းမော်ဘက်ကလည်း ကားအစီး ၃၀ လောက်ပို့နေတာ။ အခုလည်း ပစ်နေတာ ၁၅ မိနစ်၊ မိနစ် ၂၀ တလုံး အဲလိုပစ်နေတယ်။ ၁၀၅ မမ အမြောက်တွေနဲ့ ခံစစ်ကုန်းတွေကို ပစ်နေတာ။ ဗဟိုအဆင့် ၂ မိုင်၊ ၃ မိုင်လောက်ပဲ ရှိတဲ့နေရာဆိုတော့ ကျနော်တို့အတွက် ဌာနချုပ်လိုင်ဇာကို ကာကွယ်ရမယ့် ကာကွယ်ရေးတပ်ရှိတဲ့နေရာ။ သူတို့ဘက်က သုံးလာတဲ့ အင်အားပေါ်မူတည်ပြီး သူတို့က လေတပ်တွေ သုံးလာတယ်။ ယန္တရားတပ်၊ မြေပြင်တပ်တွေ သုံးလာတယ်။ တပ်မတွေလည်း ၄၄၊ ၃၃၊ ၈၈ တွေ အကုန်ရောက်နေပြီဆိုတော့. ဖြစ်လာတဲ့ တိုက်ပွဲတွေကို မူတည်ပြီးမှပဲ သုံးသပ်ရမှာပဲ။”

ကချင်ပြည်နယ်မှာ အစိုးရနဲ့ ကချင်လွတ်မြောက်ရေးတပ်မတော်တို့ တိုက်ပွဲဖြစ်ပွားနေတာ ၁ နှစ်ခွဲနီးပါး ရှိလာပြီ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013