Home
မြန်မာသတင်း
အဲပုဂံလေယာဉ်မတော်တဆမှု ရှင်းလင်းပြောဆို
နန်းမြနဒီ
·
December 27, 2012
ဒီဇင်ဘာ ၂၅ ရက်နေ့ မနက်က ရှမ်းပြည်နယ်  ဟဲဟိုးမြို့လေယာဉ်ကွင်းအနီးမှာ ဖြစ်ခဲ့တဲ့ အဲပုဂံလေယာဉ် မတော်တဆမှုနဲ့ ပတ်သက်လို့ ဖြစ်ပျက်ရတဲ့အကြောင်းရင်းကို ထုတ်ပြန်နိုင်ခြင်း မရှိသေးဘူးလို့ ကုမ္ပဏီ တာဝန်ရှိသူတွေက ပြောပါတယ်။ ဒီဇင်ဘာ ၂၆ ရက်နေ့က ရန်ကုန်မြို့ ကန်တော်ကြီးဟိုတယ် သတင်းစာရှင်းလင်းပွဲမှာ  အဲပုဂံလေကြောင်း လိုင်းရဲ့ စက်မှုပိုင်းဆိုင်ရာဒါရိုက်တာ ဦးလှိုင်ဘွားက ပညာရှင်တွေနဲ့ အဆင့်ဆင့်စစ်ဆေးပြီးမှ ဘာကြောင့်ဖြစ်တယ်ဆိုတာ သိရမှာဖြစ်တဲ့အတွက် စုံစမ်းစစ်ဆေးရေး ကော်မရှင်ရဲ့ ထုတ်ပြန်ချက် ကို စောင့်ဆိုင်းဖို့ ပြောပါတယ်။ [caption id="attachment_34766" align="alignleft" width="150" caption="စက်မှုပိုင်းဆိုင်ရာဒါရိုက်တာ ဦးလှိုင်ဘွား"][/caption] “လေယာဉ်ပျံ ၁ စင်း ပျက်ကျသွားတာကို establish လုပ်ဖို့က လေယာဉ်ပျံသည် အမြင့်ပေ ဘယ်လောက်နဲ့ ပျံတယ်။ သံလိုက်အိမ်မြှောင် လမ်းညွှန် ဘယ်လောက်နဲ့ ပျံတယ်။ ပါဝါက ဘယ်လောက်ရှိတယ်။ ကျန်တာတွေက ဘယ်လို control လုပ်နေပြီး data တွေကို ပေးသလဲ။ လေယာဉ်မှူးကနေ လေယာဉ်မယ်တွေကို ဘာ instruction (အမိန့်) တွေပေးလဲ။ ခရီးသည်တွေကို public announcement ဘာလုပ်သလဲ။  အဲဒါက ပိုပြီး ပြည့်စုံကုံလုံတဲ့ recording ပါ။ ဒါကြောင့် ကျနော်တို့က ဖြစ်တိုင်းမှာ စုံစမ်းရေးကော်မရှင်ရဲ့ ရလဒ်ကိုစောင့်ပါလို့ တောင်းပန်အပ် ပါတယ်။ နောက် ဒီအတွေ့အကြုံကို တကမ္ဘာလုံးကို ရှယ်ပါတယ်။ ဒါ သာမန်ကာလျှံကာလုပ်တဲ့ စုံစမ်းစစ်ဆေးမှု မဟုတ်ပါဘူး။” အဓိကအရေးကြီးတဲ့ အချက်အလက်တွေ သိုမှီးထားရာ လေယာဉ်ပျံသန်းမှု မှတ်တမ်းသေတ္တာ (Black box) ကို စစ်ဆေးဖို့ စင်ကာပူနိုင်ငံကို ပို့ဆောင်ထားကြောင်း၊ သက်ဆိုင်ရာလေယာဉ်မှူးတွေလည်း ကျန်းမာရေးကုသမှုခံယူနေရဆဲမို့ ထွက်ဆိုချက်တွေ မရနိုင်သေးတဲ့အကြောင်း၊ မြန်မာနိုင်ငံ မြို့ပြလေကြောင်း အာဏာပိုင်ရဲ့ စစ်ဆေးအတည်ပြုချက် တွေလည်း ယူရမှာဖြစ်ကြောင်း၊ ဘယ်အချိန်လောက်မှာ ပြီးဆုံးမလဲ ဆိုတာကလည်း စစ်ဆေးချက်တွေပေါ် မူတည်တဲ့အတွက် ကာလအပိုင်းအခြားလည်း မပြောနိုင်သေးဘူးလို့  ဆိုပါတယ်။ ပို့ဆောင်ရေးဝန်ကြီးဌာနက ဖြစ်ပွားတဲ့နေ့မှာပဲ လေယာဉ်မတော်တဆမှု စစ်ဆေးရေးကော်မရှင်အဖွဲ့ကို ဖွဲ့စည်းပြီး အဲဒီအဖွဲ့မှာ ဥက္ကဋ္ဌအဖြစ်  လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန ဒု-ညွှန်ကြားရေးမှူးချုပ် ဦးဝင်းဆွေထွန်းနဲ့ အဖွဲ့ဝင် ၄ ဦးပါဝင်ပါတယ်။ လေယာဉ်ပေါ်က ထိခိုက်ဒဏ်ရာရသူတွေမှာ နိုင်ငံခြားသား ၂ ဦးကို ထိုင်းနိုင်ငံ ဘန်ကောက်ဆေးရုံကို လွှဲပေးခဲ့ပြီး မြန်မာနိုင်ငံသားတွေကိုတော့  ရန်ကုန်ဆေးရုံကြီးမှာ ဆက်လက်ပို့ဆောင်ကုသထားကြောင်း စီမံခန့်ခွဲမှုဒါရိုက်တာ ဦးထူးထက်ထွေးက  ရှင်းပြပါတယ်။ [caption id="attachment_34767" align="alignleft" width="150" caption="စီမံခန့်ခွဲမှုဒါရိုက်တာ ဦးထူးထက်ထွေး"][/caption] “ကျနော်ကိုယ်တိုင် လူနာတွေကို ဟဲဟိုးကနေ ခေါ်လာတာပါ။ မနေ့က တောက်လျှောက် ဆေးရုံမှာ ရှိပါတယ်။ မနက် ၃ နာရီကျော်မှ ပြန်တာပါ။ ကျနော်တို့ ၀န်ထမ်းတွေ ဂျူတီနဲ့ စောင့်ပါတယ်။ ဆရာဝန်ကြီးကိုလည်း ကျနော်တို့ အစွမ်းကုန်ကုသပေးဖို့ ကျနော်တို့ သူတို့လက်ထဲမှာ အပ်ထားပါတယ်။ လိုတဲ့ဟာတွေ အကုန်လုံးလုပ်ပေးနေပါတယ်” လို့ ပြောပါတယ်။ ဒီ မတော်တဆမှုမှာ လေယာဉ်ပေါ်ပါလာတဲ့ ဧည့်လမ်းညွှန် ဒေါ်နွယ်လင်းရှိန်နဲ့ ဟဲဟိုး ကားလမ်းပေါ်မှာ ဆိုင်ကယ်စီးနေသူ ဦးပြားတို့ သေဆုံးခဲ့ပြီး ၁၁ ဦး ဒဏ်ရာရခဲ့ပါတယ်။ ကျန်ခရီးသည်တွေနဲ့အတူ လွတ်မြောက်လာတဲ့ လေယာဉ်မယ် မခိုင်စုနိုင်က  အခင်းဖြစ်စဉ် အစမှာပဲ လေယာဉ်ဝန်ထမ်းတွေက အရေးပေါ် (emergency) အခြေအနေတရပ်ကို ကြေညာပြီး ခရီးသည်တွေကို ကယ်ထုတ်နိုင်ခဲ့ပုံကို ရှင်းလင်းပြောဆိုခဲ့ပါတယ်။ [caption id="attachment_34768" align="alignright" width="150" caption="လွတ်မြောက်လာတဲ့ လေယာဉ်မယ် မခိုင်စုနိုင်"][/caption] “လေယာဉ်ဆင်းတဲ့အချိန် လေယာဉ် landing gear နဲ့ မြေပြင်ထိလိုက်တဲ့အချိန် သိလိုက်ရတဲ့ ခံစားချက်အရ ဒါ normal landing မဟုတ်တော့ဘူး။ ဒါတခုခုဖြစ်ပြီဆိုတဲ့ sense မျိုး ရလိုက်ပါတယ်။ Normal landing မဟုတ်ဘူးဆိုတာနဲ့ complete stop ဖြစ်တဲ့အထိ စောင့်ပြီးမှ complete stop ဖြစ်တာနဲ့ ဒါအရေးပေါ်ဆိုပြီး အော်လိုက်ပါတယ်။ အော်နေရင်းနဲ့ ဘေးနားက ထိုင်နေတဲ့ လေယာဉ်အမှုထမ်းကို သူ့ဘက်ကတံခါးကို ဖွင့်ခိုင်းတယ်။ ကိုယ့်ဘက်က တံခါးကိုလည်း ဖွင့်တယ်။ ကိုယ့်ဘက်က တံခါးက ကျပ်နေလို့ ချက်ချင်းမပွင့်ဘူး၊ သူ့ဘက်က ပွင့်သွားတဲ့အတွက် ခရီးသည်တွေကိုလည်း Go back away ဆိုပြီး  ပြောခဲ့တယ်၊ ခရီးသည်တွေကလည်း အကုန်လိုက်နာပြီး သေချာ evacuate လုပ်နိုင်ခဲ့ပါတယ်။ ပြီးတော့ လုံခြုံရေးဝန်ထမ်းတဦးက ဒီဘက်တံခါးကျပ်နေတာကို ကူညီပြီး ကြိုးစားဖွင့်ပေးလို့ ပွင့်သွားပြီး ဒီဘက်တံခါးကနေ ခရီးသည်တွေကို ကယ်ခဲ့နိုင်တယ်။ ဒါကြောင့် ခရီးသည်အုပ်စု ၂ ခု ကွဲသွားပါတယ်။ ဟဲဟိုးလေဆိပ်မှာ ပြန်စုပြီးမှ လူဦးရေစစ်ဆေးတာ လုပ်ပါမယ်။ ပြီးတော့ ဆေးရုံပို့စရာရှိတဲ့ ခရီးသည်တွေကိုလည်း ဆေးရုံပို့ပါမယ်ဆိုပြီး စီစဉ်ခဲ့ပါတယ်။” အဲပုဂံလေကြောင်းလိုင်းရဲ့ အာမခံကို  မြန်မာ့အာမခံလုပ်ငန်းကနေ တဆင့် နိုင်ငံခြားမှာ အာမခံလုပ်ထားတဲ့အတွက်  နစ်နာသူများအတွက် လျော်ကြေးနဲ့   လေယာဉ်အာမခံကိစ္စကိုတော့ စင်္ကာပူနိုင်ငံ အာမခံကုမ္ပဏီက ဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ လောလောဆယ် ခရီးသည်တွေ သုံးစွဲဖို့အတွက်   နိုင်ငံခြားသား ၁ ဦးကို ဒေါ်လာငွေ ၂ ထောင်စီနဲ့ မြန်မာနိုင်ငံသားတွေအတွက် ကျပ်ငွေ ၃ သိန်းစီ ထုတ်ပေးထားတယ်လို့လည်း သိရပါတယ်။ ရှင်းလင်းပွဲမှာ အဲပုဂံ တာဝန်ရှိသူ ၅ ဦးက ရှင်းလင်းပြီး သတင်းထောက် ၁၀၀ ကျော် သတင်း ယူခဲ့ပါတယ်။ အဲပုဂံက လေယာဉ်ပျံတစီးဟာ လွန်ခဲ့တဲ့  ၂၀၀၈ ခုနှစ်က ကချင်ပြည်နယ်မှာ ပြေးလမ်းကနေ  လွန်ထွက်ခဲ့လို့ လေယာဉ်မှူး ဒဏ်ရာရခဲ့ပြီး လေယာဉ်ကိုယ်ထည် ထိခိုက်ခဲ့ဖူးပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024