Home
မေးမြန်းခန်း
နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းနိုင်ရေး ပြည်သူတရပ်လုံး ပါဝင်ဖို့လို
နော်နိုရင်း
·
December 27, 2012
ကရင်အမျိုးသားအစည်းအရုံး(ကေအန်ယူ) ဟာ မြန်မာအစိုးရနဲ့ လက်ရှိအပစ်အခတ် ရပ်စဲရေး အပါအ၀င်၊ ငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းစဉ်တွေကို ပြန်လည်သုံးသပ်ပြီး နိုင်ငံရေးဆွေးနွေးမှု အဆင့် ရောက်ရှိဖို့ လိုအပ်ချက် ၈ ချက် ပါဝင်တဲ့ထုတ်ပြန်ချက်ကို  ဒီဇင်ဘာလ ၂၇ ရက်နေ့မှာ ထုတ်ပြန် ကြေညာလိုက်ပါတယ်။ ဒီထုတ်ပြန်ချက်ကို ၁၅ ကြိမ်မြောက် ကေအန်ယူညီလာခံအပြီး ပထမဆုံး ထုတ်ပြန်ခဲ့တာဖြစ်ပြီး လက်ရှိ အပစ်အခတ် ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှုအတွင်း နိုင်ငံရေးဆွေးနွေးမှုတွေကို စတင်အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရေး တပြည်လုံး အတိုင်းအတာ အပစ်အခတ်ရပ်စဲဖို့ အမြန်ဆုံးဆောင်ရွက်ဖို့ လိုအပ်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။ [caption id="attachment_34762" align="alignleft" width="225" caption="ကေအန်ယူ တွဲဖက်အတွင်းရေးမှူး ၂ ပဒိုမန်းမန်း"][/caption] ဒါ့အပြင် ကော်မတီအသစ် ရွေးချယ်တင်မြှောက်မှု၊ အသစ်တက်လာတဲ့  ကေအန်ယူအဖွဲရဲ့ နိုင်ငံရေးရပ်တည်ချက်တွေနဲ့ ပတ်သက်ပြီး ကေအန်ယူ တွဲဖက်အတွင်းရေးမှူး ၂ အဖြစ် ရွေးချယ်ခံရတဲ့ ပဒိုမန်းမန်းကို ဆက်သွယ် မေးမြန်းထားပါတယ်။ အခုကျင်းပတဲ့ ကေအန်ယူကွန်ဂရက်ကနေ ဘာတွေဆွေးနွေးဖြစ်ခဲ့ကြပါလဲ။ “ကြေညာချက်ထဲမှာ ထုတ်ထားသလိုပေါ့နော်။ လုပ်ရိုးလုပ်စဉ်တွေဖြစ်တဲ့ ၄ နှစ်တာကာလ လုပ်ငန်းစဉ်တွေရယ်၊ နိုင်ငံရေးအစီရင်ခံစာရယ်၊ အခြေခံလမ်းစဉ် လုပ်ငန်းစဉ်တွေကို ပြန်လည် သုံးသပ်တာတွေရယ်၊ အခြေခံဥပဒေတို့ ပြန်လည်ဖြည့်စွက်တာတွေပေါ့။” နောက်ထပ် ၄ နှစ်တာ ကာလအတွင်း ကျင့်သုံးမယ့် မဟာဗျူဟာ လုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီး ဘာတွေချမှတ်ဖြစ်ခဲ့ပါလဲ။ “အုပ်ချုပ်ရေးလုပ်ငန်းနဲ့ပတ်သက်ပြီး ကဏ္ဍကြီး ၁၄ ခုထဲမှာမှ အဓိကဖြစ်တဲ့ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေးဖွံ့ဖြိုးမှုနဲ့ ပတ်သက်ပြီး မူဝါဒတွေ သေသေချာချာ ချမှတ်သွားပေးဖို့။ ဒေသတွင်းမှာ အုပ်ချုပ်ရေးနဲ့ပတ်သက်ပြီး တရားဥပဒေစိုးမိုးရေးကအစပေါ့။ ဒါတွေကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့တယ်။ ရှေ့လုပ်ငန်းစဉ်တွေလည်း အဓိက အလေးထား ဆွေးနွေးခဲ့တယ်။” ကေအန်ယူအနေနဲ့ အပစ်အခတ်ရပ်စဲရေး လုပ်ထားတဲ့ကာလဖြစ်နေတော့ ကွန်ဂရက် အတွင်းမှာရော အစိုးရနဲ့ ထပ်ပြီး ဆွေးနွေးဖို့ ဦးစားပေးလုပ်ငန်းအနေနဲ့ ဘာတွေ လုပ်ဆောင်ဖို့ ရှိလဲ။ “အပစ်အခတ်ရပ်စဲရေး အဆင့်မှာလည်း ၂ ဆင့် ရှိပါတယ်။ အခု အပစ်အခတ်ရပ်စဲရေး ပဏာမအဆင့်သာ ရှိသေးလို့ အပစ်အခတ်ရပ်စဲရေး ဆက်လုပ်သွားဖို့ ကျန်နေသေးတယ်။ ဒါပြီးရင်တော့ နိုင်ငံရေးအရဆွေးနွေးမှုတွေ၊ ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ အဆင့် ၄ ဆင့်အပေါ်မှာ အရင်ကသတ်မှတ်ထားတဲ့အတုငိးပဲ ဆက်လုပ်သွားမှာ ဖြစ်တယ်။” ပထမဦးစားပေးလုပ်ငန်းအနေနဲ့ အခု တက်လာတဲ့ ဗဟိုကော်မတီအသစ်အနေနဲ့ ဘာတွေဆက်လုပ်သွားဖို့ ရှိပါလဲ။ “ပမထဆုံး အပစ်အခတ်ရပ်စဲရေးခိုင်မာအောင်၊ ယုံကြည်မှုတည်ဆောက်နိုင်အောင် ပြယုဂ်တွေ၊ လိုအပ်တဲ့ သဘောတူညီချက်တွေ ဆက်လက် တွေ့ဆုံဆွေးနွေးဖို့ ရှိတယ်။ တပ်ပိုင်းနဲ့ပတ်သက်တဲ့ တပ်တည်နေရာ၊ တပ်ပိုင်းလှုပ်ရှားသွားလာမှုတွေ၊ တပ်အင်အားတိုးချဲ့တာတွေကအစ ယုံကြည်နိုင်လောက်တဲ့ တဖက်နဲ့တဖက် ယုံကြည်မှုတည်ဆောက်တဲ့အနေအထား၊ တပ်နဲ့ပတ်သက်တဲ့ လှုပ်ရှားမှုအသွင်သဏ္ဌာန်တွေ သဘောတူညီချက်တွေ ရယူမှုတွေ ဆက်ဆွေးနွေးဖို့ ရှိပါသေးတယ်။” အခုထုတ်ပြန်ကြေညာချက်ထဲမှာ နိုင်ငံရေးဆွေးနွေးမှုကို အလေးအနက်ထား အမြန် အကောင်အထည်ဖော်ဖို့လိုသလို နိုင်ငံရေးဆွေးနွေးမှုလုပ်ငန်းစဉ်မှာ တတိုင်းပြည်လုံးအတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲနိုင်ရေး အမြန်ဆုံးဆောင်ရွက်ဖို့ လိုတယ်လို့ ထုတ်ထားတယ်။ ကေအန်ယူဘက်မှာတော့ တိုက်ပွဲဖြစ်တာမကြားဘူး။ ကချင်ဘက်မှာတော့ တိုက်ပွဲတွေဖြစ်နေတာနဲ့ ပတ်သက်လို့ ဘယ်လို ပြောချင်ပါလဲ။ “ယုံကြည်မှုတည်ဆောက်တဲ့နေရာမှာ တတိုင်းပြည်လုံးအပစ်အခတ်ရပ်စဲရေး မလုပ်ဘဲနဲ့ ယုံကြည်နိုင်တဲ့အဆင့်လို့ ပြောလို့မရဘူး။ ဒါကြောင့် မြန်မာအစိုးရဘက်က တတိုင်းပြည်လုံး အပစ်အခတ်ရပ်စဲရေးလုပ်ပေးဖို့ ကြေညာပေးဖို့လိုတယ်၊ အကောင်အထည် ဖော်ဖို့လိုတယ်။ ဒါပြီးမှပဲ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမှုတွေ ရနိုင်မှာဖြစ်တယ်။ တွေ့ဆုံပွဲမှာလည်း တိုင်းရင်းသားပေါင်းစုံနဲ့ စုစည်းဖွဲ့စည်းထားတဲ့ အင်အားစုနဲ့လည်း တွေ့ဆုံဖို့၊ ဒါမှလည်း နိုင်ငံရေးပြဿနာတွေကို ပြည့်ပြည့်၀၀ ဖြေရှင်းနိုင်မှာဖြစ်တယ်။” ယူအန်အက်ဖ်စီ (ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ) ကို မြန်မာ အစိုးရကလည်း မြန်မာနိုင်ငံတွင်း လာတွေ့ဆုံဆွေးနွေးဖို့ ဖိတ်ခေါ်လိုက်တယ်လို့ သိရတယ်။ ကေအန်ယူသဘောထား ဘယ်လိုရှိပါလဲ။ “ဒါကို ကြိုဆိုပါတယ်။ ယုံကြည်မှုစတင်တည်ဆောက်ခါစ တိုင်းရင်းသားအားလုံးနဲ့ တွေ့ဆုံတာကတော့ နှစ်ဦးနှစ်ဖက် လက်ခံနိုင်လောက်တဲ့ နေရာကို ရွေးချယ်ဖို့တော့ လိုတယ်။ ယူအန်အက်ဖ်စီနဲ့ အစိုးရ ကြားမှာ နှစ်ဦးနှစ်ဖက်လက်ခံနိုင်လောက်တဲ့ နေရာဖြစ်ဖို့ လိုတာပေါ့။” ကေအန်ယူအနေနဲ့က ငြိမ်းချမ်းရေးခိုင်မာအောင် လုပ်မယ်။ အဲနောက်ပိုင်းမှာရော ဘယ်လိုအဖွဲ့အနေနဲ့ ရပ်တည်မှာလဲ။ ဥပမာ စီးပွားရေးလုပ်ငန်းလုပ်မှာလား၊ နိုင်ငံရေးပါတီထောင်မှာလား။ “ကေအန်ယူရဲ့ ပင်မကိုက အမျိုးသားရေး၊ နိုင်ငံရေးနဲ့ အုပ်ချုပ်ရေးရယ်က ဒေသအလိုက် လုပ်ဆောင်ရမယ့် ကိစ္စ။ ကေအန်ယူရဲ့ အဓိက တာဝန် ၃ ရပ်က ရှိထားပြီးသားဖြစ်တယ်။ အဓိက တာဝန် ၃ ရပ်အပေါ်မှာပဲ ဆက်လက်လုပ်ဆောင်သွားဖို့။ ဆိုလိုတာက ကေအန်ယူမှာလည်းပဲ အုပ်ချုပ်ရေးလမ်းကြောင်းလည်း သူ့နယ်မြေဒေသမှာ သူ လုပ်သွားနေရမယ်။ တချိန်ထဲမှာ အမျိုးသားရေးဦးဆောင်နိုင်တဲ့ တမျိုးသားလုံးနဲ့ ပတ်သက်တဲ့ လုပ်ငန်းကိစ္စတွေကိုလည်း ဆောင်ရွက်ရမှာဖြစ်တယ်။ နောက် နိုင်ငံရေးအရဦးဆောင်တဲ့ အစုအဖွဲ့အနေနဲ့ ဆက်လက် ဆောင်ရွက်ရဦးမှာဖြစ်တယ်။ စီးပွားရေး၊ ဖွံ့ဖြိုးရေးနဲ့ ပတ်သက်တဲ့ မူဝါဒပိုင်းဆိုင်ရာ ချမှတ်ဖို့ လိုအပ်ပါသေးတယ်။ မူဝါဒပိုင်းချမှတ်ပြီးမှသာလျှင် စီးပွားရေး ဘယ်လိုသွားသင့်တယ်၊ လုပ်သင့်တယ်ပေါ့။ မူဝါဒတိကျရှင်းလင်းမှု မရှိသေးဘဲနဲ့ စီးပွားရေး မဟာဖွံ့ဖြိုးရေးလုပ်ငန်းတွေကိုတော့ ဒီကာလမှာ ရုတ်တရက်ကြီး ထည့်သွင်းစဉ်းစားလို့ မရသေးဘူး။ သို့သော် ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေမှာတော့ ဆောင်ရွက်သင့်တဲ့အတိုင်း ကြိုးစားဆောင်ရွက်မှာဖြစ်တယ်။” အခု ထိုင်းနိုင်ငံက သမ္မတ ဦးသိန်းစိန်နဲ့ ထားဝယ်ရေနက်စီမံကိန်းဆွေးနွေးတာတွေ ရှိတယ်။ ထားဝယ်ရေနက်ဆိပ်ကမ်းက ကေအန်ယူနဲ့လည်း ပတ်သက်မှု ရှိတယ်ဆိုတော့ အဲအပေါ် ဘယ်လိုလုပ်ဆောင်ဖို့ ရှိလဲ။ “ခုနကပြောသလိုပဲ တိကျရှင်းလင်းတဲ့ မူဝါဒတွေ တချိန်တည်းမှာ ပြည်သူလူထုက ပါဝင်နိုင်တဲ့ ဆုံးဖြတ်ပိုင်ခွင့်ရှိတဲ့၊ ရေရှည်အကျိုးစီးပွားဖြစ်စေနိုင်မယ့် စီးပွားရေးလုပ်ငန်းမျိုး ဖြစ်သင့်တယ်ဆိုတာတော့ စဉ်းစားထားတာ ရှိတယ်။ ထားဝယ်စီမံကိန်းနဲ့ပတ်သက်ပြီး စီးပွားရေး၊ ဖွံ့ဖြိုးရေးနဲ့ ပတ်သက်ပြီး တိတိကျကျ ချမှတ်သွားဖို့လိုတယ်။ အဲအပေါ်မှာ ရှင်းလင်းပြီး တာဝန်ယူမှုနဲ့ တာဝန်ခံမှုကအစပေါ့။ ပြည့်စုံလောက်ပြီဆိုမှ စဉ်းစားဖို့လိုတယ်။ အခြေခံအားဖြင့်က အပစ်အခတ်ရပ်စဲရေးကာလသာ ဖြစ်သေးတယ်။ တကယ့်ငြိမ်းချမ်းရေး၊ ခိုင်မာတဲ့ ငြိမ်းချမ်းရေးရဖို့ နိုင်ငံရေးဆွေးနွေးမှုလည်း မရောက်သေးခင် မပြီးမြောက်သေးခင် ကာလမှာ မဟာစီမံကိန်းကြီးတွေ မဆောင်ရွက်သင့်သေးဘူးလို့တော့ သဘောထား ချမှတ်တယ်။ ထားဝယ်ရေနက်ဆိပ်ကမ်း၊ ရေကာတာဆောက်မယ့်ကိစ္စတွေ၊ ဒါတွေက နိုင်ငံရေးပြဿနာကို ဖြေရှင်းဆောင်ရွက်နိုင်မှသာလျှင် ဒါတွေက စစဉ်းစားရမယ်။ စဉ်းစားတဲ့အခါ လူထုတွေရဲ့ ထိခိုက်နစ်နာမှုတွေကို အကာအကွယ်ပြုနိုင်တဲ့ ဥပဒေတွေ ပေါ်လစီတွေကအစ ဒါတွေကိုလည်း သေချာချမှတ်ဖို့ လိုတယ်။” မြန်မာပြည်တွင်းမှာ လတ်တလော လက်ပန်းတောင်းဆန္ဒပြမှုတွေ အကြမ်းဖက်ဖြိုခွင်းတာ တွေ၊ ကချင်ပြည်နယ်မှာ တိုက်ပွဲတွေ နေ့တိုင်းလိုလို ဖြစ်နေတာတွေရော ဆိုတော့ ကေအန်ယူအနေနဲ့ အစိုးရကို ဘယ်လိုတိုက်တွန်းပြောဆိုချင်သလဲ။ “အစိုးရအနေနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ စတင်အကောင်အထည်ဖော် ဆောင်ရွက်နေပြီဖြစ်လို့ အကြမ်းဖက်လှုပ်ရှားမှုတွေကို စိုးရိမ်မိတယ်။ ဒီလိုအဖြစ်မျိုးတွေက လုံးဝမဖြစ်သင့်တော့တဲ့ အခြေအနေ။ သို့သော်လည်း စုံစမ်းစစ်ဆေးရေးကောင်မရှင် ဖွဲ့စည်းတဲ့အပေါ်မှာ စုံစမ်းမှုအချက်အလက်တွေက အဖြစ်မှန်ဖြစ်ဖို့လိုတယ်။ တွေ့ရှိတဲ့အချက်တွေကိုလည်း ထိထိရောက်ရောက် ဆောင်ရွက်ဖို့ လိုတယ်လို့ ပြောချင်တယ်။” ကေအန်ယူဗဟိုကော်မတီရွေးတဲ့အခါမှာ အရင်က ကေအန်ယူကနေ ခေတ္တထုတ်ပယ်ထားတဲ့ ဗိုလ်ချုပ်မူတူးစေးဖိုးက ဥက္ကဋ္ဌဖြစ်လာတယ်။ နောက် ဖယ်ရှားခံထားရတဲ့ အတော်များများလည်း ပြန်ပြီး ပါဝင်လာတယ်ဆိုတော့ ကွန်ဂရက်ကနေ ရွေးချယ်လိုက်တဲ့ ဗဟိုကော်မတီက အားကောင်းလာနိုင်ပါ့မလား။ “ကွန်ဂရက်က ရွေးချယ်ထားတဲ့အပေါ်မှာတော့ ကျနော်တို့ ငြင်းစရာအကြောင်းမရှိပါဘူး။ သို့သော်လည်း ဗဟိုကော်မတီ ၁၁ ဦး၊ ၄၅ ဦးသာမကဘဲ တခြားအဖွဲ့ဝင်တွေအားလုံး ခရိုင်ဒေသတွေမှာ၊ မြို့နယ်ဒေသတွေမှာ၊ တပ်မဟာ တပ်ရင်းတွေအားလုံး ၀ိုင်းဝန်းပူးပေါင်းလုပ်ဆောင်မှသာ အားကောင်းတဲ့ အဖွဲ့အစည်းတရပ်အဖြစ် ရပ်တည်လို့ ရမှာဖြစ်ပါတယ်။” အရင်ဒုဥက္ကဋ္ဌ ဒေးဗစ်သာကပေါရယ်၊ အထွေထွေအတွင်းရေးမှူး ၁ ပဒို စောလှငွေတို့ ဗဟိုကော်မတီမှာ မပါတော့ဘူးလို့ကြားတယ်။ အဲဒါ ဘာကြောင့်လဲ။ “အဲဒီအခြေအနေက မဲအရပေါ်မှာ ကျနော်တို့က ဘာမှပြောလို့မရဘူး။ သို့သော်လည်း ဒီပုဂ္ဂိုလ် ၂ ဦးက အစဉ်အလာလည်းရှိတယ်၊ အရည်အချင်းလည်းရှိတဲ့အတွက် ဒီခေါင်းဆောင် ၂ ဦးကိုလည်း ကျနော်တို့က ထိုက်သင့်တဲ့နေရာမှာ တာဝန်ယူဖို့ တာဝန်ပေးချမှတ်ထားပြီး ဖြစ်ပါတယ်။” အခုတက်လာတဲ့ ဗဟိုကော်မတီဝင်အဖွဲ့မှာ ပဒို မန်းမန်းက အတွင်းရေးမှူးအနေနဲ့ ပါလာတယ်ဆိုတော့ ကရင်ပြည်သူတွေကို ဘာပြောချင်ပါသလဲ။ “ကရင်လူထုတွေကိုရော၊ တခြားလူထုလူတန်းစား တိုင်းရင်းသားတွေအားလုံးကို ဒီနေ့ကာလမှာကတော့ တိုင်းပြည်ရဲ့ ငြိမ်းချမ်းရေးနဲ့ တိုင်းရင်းသားတွေရဲ့ တန်းတူရည်တူ အခွင့်အရေးတွေ အားလုံးကို တသမတ်တည်း ဆောင်ရွက်ဖို့လိုပါတယ်။ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းနိုင်ဖို့ ကျနော်တို့  ကြိုးစားမယ်။ တဆက်တည်းမှာပဲ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းရာမှာ ဒီမိုကရေစီရရှိရေးနဲ့ တိုင်းရင်းသားတန်းသူရေးတွေအတွက် ကျနော်တို့ ကြိုးစားဆောင်ရွက်တဲ့နေရာမှာ လူ့အခွင့်အရေးကိစ္စမှာရော၊ တိုင်းရင်းသားအခွင့်အရေးတွေမှာရော လုပ်ဆောင်တဲ့နေရာမှာ တော်လှန်ရေး အဖွဲ့အစည်းတွေသာမက လူထုလူတန်းစားအားလုံး ပါဝင်ပူးပေါင်းဖို့ လိုတယ်လို့ ပြောချင်ပါတယ်။”
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024