Home
မြန်မာသတင်း
အန်အယ်လ်ဒီညီလာခံတွင် ပြည်နယ်နှစ်ခုအတွက် လျှော့ပေါ့စဉ်းစားမည်
အေးနိုင်
·
December 26, 2012
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) က ပါတီညီလာခံကို လာမယ့်နှစ်ဆန်းပိုင်းမှာ ကျင်းပမှာဖြစ်ပေမယ့် ကချင်ပြည်နယ်နဲ့ ရခိုင်ပြည်နယ်တွေမှာတော့ အခြေအနေအရ လျှော့ပေါ့ဆောင်ရွက်သွားမယ်လို့ အန်အယ်လ်ဒီပြောခွင့်ရသူ ဦးဥာဏ်ဝင်းက ပြောပါတယ်။ ဦးဥာဏ်ဝင်းက “ရခိုင်မှာ မြို့နယ်အစုံ သွားလို့လာလို့ကို မရပါဘူး။ ကချင်မှာလည်း အလားတူပဲ။ အဲဒီတော့ ကျနော်တို့က ဒီပြည်နယ်နှစ်ခုအတွက်က လျှော့ပေါ့စဉ်းစားဆောင်ရွက်မှာပါ” လို့ ပြောပါတယ်။ လာမယ့် ၂၀၁၃ နှစ် ပထမလေးလအတွင်းမှာ ဗဟိုအဆင့်ပါတီညီလာခံကတော့ ဖြစ်ပါမယ်လို့ ဦးဥာဏ်ဝင်းက ပြောပါတယ်။ ရခိုင်ပြည်နယ်မှာ ဇွန်လကစပြီး ပဋိပက္ခတွေဖြစ်ပွားခဲ့တာကြောင့် မြောက်ဘက်က မြို့နယ်တချို့မှာ အောက်ခြေညီလာခံတွေ မလုပ်နိုင်ဘူးလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရခိုင်ပြည်နယ်ကော်မရှင်အဖွဲ့ဝင် ဦးခင်လှက ပြောပါတယ်။ ဦးခင်လှက “ကျနော်တို့ ရခိုင်ပြည်မှာ ကျေးရွာနဲ့ ရပ်ကွက်အဆင့်တွေ ပြီးသွားပြီ။ ဒါပေမယ့် မြောက်ပိုင်းမှာဖြစ်နေတဲ့ ပဋိပက္ခကြောင့် မြောက်ပိုင်းမှာ ဆိုလို့ရှိရင် နည်းနည်း လုပ်ငန်းတွေ မအောင်မမြင် မလုပ်နိုင်တဲ့အခြေအနေရှိတာပေါ့နော်။ တောင်ပိုင်းကတော့ ပြီးသွားပြီ။” “မြောက်ပိုင်းမှာ အကောင်အထည်မပေါ်နိုင်သေးတာ (၇) မြို့နယ်လောက် ရှိသေးတယ်။ ဒေသမှာ မတည်မငြိမ်ဖြစ်နေတော့ လုပ်ရကိုင်ရ အဆင်မပြေဖြစ်နေတယ်” လို့ ပြောပါတယ်။ လုပ်နိုင်သလောက်ကိုသာ လုပ်ကိုင်ထားဖို့ ဗဟိုက ညွှန်ကြားထားတယ်လို့ ဆိုပါတယ်။ ရခိုင်ပြည်နယ်ပဋိပက္ခမှာ လူ ၁၀၀ ၀န်းကျင်သေဆုံးခဲ့ပြီး လူနေအိမ်တွေ၊ ဘာသာရေးအဆောက်အဦတွေ မီးရှို့ဖျက်ဆီးခံရပြီး လူ ၁ သိန်းဝန်းကျင် ဒုက္ခသည်ဖြစ်နေကြပါတယ်။ အလားတူ ကချင်ပြည်နယ်မှာလည်း အစိုးရနဲ့ ကေအိုင်အိုအကြား တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေပြီး စစ်ရှောင်ဒုက္ခသည် ၁ သိန်းဝန်းကျင် ရှောင်တိမ်းနေကြရပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ၁၉၈၈ ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပြီး နှစ်ပေါင်း ၂၀ ကျော်ကြာသည့်တိုင် ပါတီညီလာခံကို တကြိမ်တခါမှ ခေါ်ယူကျင်းပနိုင်ခြင်းမရှိသေးဘဲ ပါတီဝင်တွေ အများအပြား ထောင်သွင်းအကျဉ်းချခံခဲ့ကြရပါတယ်။ ဒါပေမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် လွှတ်တော်ကိုယ်စားလှယ် ၄၀ ကျော် ရွေးကောက်တင်မြှောက်ခံရပြီး တာဝန်ထမ်းဆောင်နေပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024