Home
မြန်မာသတင်း
မီးလောင်ဒဏ်ရာရကိုယ်တော် နောက်တပါး ထိုင်းတွင် သွားကုသမည်
အေးနိုင်
·
December 25, 2012
စစ်ကိုင်းတိုင်း မုံရွာခရိုင် ဆားလင်းကြီးမြို့နယ် လက်ပန်းတောင်းကြေးနီ စီမံကိန်း သပိတ်စခန်းဖြိုခွင်းတုန်းက ဒဏ်ရာရ ကိုရင်သဇ္ဇနကို ထိုင်းနိုင်ငံ အစိုးရဆေးရုံကို ဒီနေ့ပို့ဆောင်မယ်လို့ ဒဏ်ရာရသံဃာတွေကို ကူညီနေတဲ့ ဦးပဉ္စင်းဦးသုက မိန့်ကြားပါတယ်။ ကိုရင်လေးဟာ ခြေကျင်းဝတ်မှာ မီးလောင်ဒဏ်ရာပြင်းထန်ပြီး ရန်ကုန် အရေပြားအထူးကုဆေးရုံကို တခြား ဒဏ်ရာအတန်ငယ်ပြင်းတဲ့ သံဃာ ၃ ပါးနဲ့ အတူ ရောက်ရှိနေတာ ဖြစ်ပါတယ်။ ဒီနေ့  ညနေ ၄ နာရီမှာ ရန်ကုန်လေဆိပ်ကနေ ထွက်ခွာမှာဖြစ်ပါတယ်။ “ကိုရင်သဇ္ဇနကို ထိုင်းနိုင်ငံမှာ ဆေးသွားကုဖို့ ဦးဇင်းတို့ စီစဉ်နေတယ်။ နေ့လယ် ၂ နာရီခွဲမှာ ဆေးရုံကနေထွက်မယ်။ ညနေ ၄ နာရီခွဲ လေယာဉ်နဲ့ ထွက်မှာပါ။ သူ့ဒဏ်ရာအခြေအနေကတော့ အရေပြားကပ်ရမယ့် အခြေအနေရှိပါတယ်။ လူနာရှင်ကလည်း ထိုင်းနိုင်ငံမှာ ကုသချင်တယ်လို့ ပြောတဲ့အတွက် နိုင်ငံတော်အစီအစဉ်နဲ့ သွားတာပါ။ ထိုင်းနိုင်ငံမှာရှိတဲ့ အစိုးရဆေးရုံလို့တော့ ဦးဇင်းတို့ကို အကြောင်းကြားထားပါတယ်။ ကိုရင်သဇ္ဇနကို စုံစမ်းစစ်ဆေးရေးကော်မရှင်က တာဝန်ယူပြီးတော့မှ ဆောင်ရွက်ပေးသွားမယ်လို့ ဦးဇင်းတို့ကို လာရောက် ဆွေးနွေးတိုင်ပင်တဲ့အတွက် ဦးဇင်းတို့ကလည်း ထိုင်းနိုင်ငံကို ဆေးသွားကုမယ့် အစီအစဉ်ကို လက်ခံလိုက်ရတာပါ”  လို့ မိန့်ကြားပါတယ်။ နိုင်ငံတော်က တာဝန်ယူတယ်ဆိုပေမယ့် ဝေယျာဝစ္စအတွက် သံဃာစောင့်ရှောက်ရေး အဖွဲ့က ကျပ်သိန်း ၁၀၀ လှူလိုက်မယ်လို့ မိန့်ပါတယ်။ ကိုရင်သဇ္ဇနဟာ ထိုင်းနိုင်ငံကို ဒုတိယမြောက်ဆေးထွက်ကုတဲ့ ဒဏ်ရာရသံဃာ ဖြစ်ပါတယ်။   ကနဦးပိုင်းက ဒဏ်ရာပြင်းထန်တဲ့ ဦးဇင်း ဦးတိက္ခဥာဏကို ဘန်ကောက်က ပုဂ္ဂလိကဆေးရုံမှာ  တင်ပေးခဲ့ပါတယ်။  ဒါပေမယ့် ၂ ရက်တာအတွင်း ကုသစရိတ် ထိုင်းဘတ် ၁ သန်း ၃ သောင်း ၄ ထောင်ကျော် ကျသင့်ခဲ့တာကြောင့် စရိတ်မတတ်နိုင်လို့ အစိုးရဆေးရုံကို ပြောင်းရွှေ့ကုသနေတယ်လို့ ဦးဇင်း ဦးသုက မိန့်ပါတယ်။ ထိုင်းဘတ်ငွေ ၁ ဘတ်ဟာ မြန်မာကျပ်ငွေ ၂၆ ကျပ်နဲ့ ညီမျှတာကြောင့် ၂ ရက်တာ ကုသစရိတ်ဟာ မြန်မာကျပ်ငွေ သိန်းပေါင်း ၂၇၀ နီးပါး ကုန်ကျခဲ့တာဖြစ်ပါတယ်။ ရန်ကုန်အရေပြားဆေးရုံမှာ ဆေးကုသနေတဲ့ သံဃာ ၃ ပါးကိုလည်း မသက်သာဘူးဆိုရင် ထိုင်းနိုင်ငံမှာ သွားရောက်ကုသဖို့ ဆောင်ရွက်မယ်လို့ ဆိုပါတယ်။ မန္တလေးမှာလည်း ရေရှည်ကုသရမယ့် သံဃာ ၉ ပါးနဲ့ ပြင်ပလူနာ ၂ ပါးကျန်ရှိနေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။ လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းသပိတ်စခန်းကို နိုဝင်ဘာ ၂၉ ရက် မနက်အရုဏ်မတက်ခင် ဖြိုခွင်းမှုကြောင့် သံဃာအပါး ၁၀၀ ခန့်နဲ့ လူပုဂ္ဂိုလ် ၂၀ ၀န်းကျင် မီးလောင်ဒဏ်ရာရခဲ့တာဖြစ်ပြီး အစိုးရက  ဒဏ်ရာရသံဃာတွေကို  ဒီဇင်ဘာလ ၁၅ ရက်နေ့က မန္တလေးတောင်ခြေရှိ မဟာအတုလဝေယံ(အတုမရှိကျောင်းတော်ကြီး) မှာ တရားဝင် ၀န်ချတောင်းပန်ခဲ့ပြီး ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024