Live
Home
မြန်မာသတင်း
ဗိုလ်ချုပ်ကြီးမူတူးစေးဖိုးကို ကေအန်ယူ ဥက္ကဋ္ဌသစ်အဖြစ် ရွေးချယ်တင်မြှောက်
နော်နိုရင်း
·
December 21, 2012
ကရင်အမျိုးသားအစည်းအရုံး(ကေအန်ယူ)ရဲ့ ၁၅ ကြိမ်မြောက် ညီလာခံကနေ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးကို ကေအန်ယူ ဥက္ကဋ္ဌ အဖြစ် ရွေးချယ်တင်မြှောက်လိုက်ပါတယ်။ ကရင်အမျိုးသားအစည်းအရုံးရဲ့ ၁၅ ကြိမ်မြောက် ညီလာခံကို ကရင်ပြည်နယ် ဘားအံခရိုင် လေးဝါး စခန်းမှာ နိုဝင်ဘာလ ၂၆ ရက်နေ့က စတင်ကျင်းပနေပြီး ဒီဇင်ဘာလ ၂၀ ရက်နေ့မှာ ဗဟိုအမြဲတမ်းကော်မတီဝင် ၄၅ ဦးကို ရွေးချယ်တင်မြှောက်ခဲ့ပါတယ်။ ကေအန်ယူရဲ့ ဒု-ဥက္ကဋ္ဌ အဖြစ် နော်စီဖိုးရာစိန်ကို တင်မြှောက်လိုက်ပြီး အထွေထွေအတွင်းရေးမှူးအဖြစ် ပဒိုကွယ်ထူးဝင်း၊ အတွင်းရေးမှူး ၁ ကတော့ ပဒိုသောသီဘွဲဖြစ်ပြီး၊ အတွင်းရေးမှူး ၂ ကတော့ စောမန်းမန်းကို ရွေးချယ်တင်မြှောက် လိုက်ပါတယ်။ ဒီတကြိမ်ရွေးချယ်ရာမှာ အရင်က ဒု-ဥက္ကဋ္ဌ ပဒိုစောဒေးဗစ်သာကပေါ၊ အတွင်းရေးမှူး ၁ ပဒိုစောလှငွေနဲ့ နောက်ထပ် ၂ ဦးကို အမြဲတမ်းဗဟိုကော်မတီမှာ ပြန်လည် ရွေးချယ်တင်မြှောက်ခြင်းမရှိပါဘူး။ ကေအန်ယူ စတင်ဖွဲ့စည်းချိန်ကစပြီး ဒီကနေ့အထိဆိုရင် ဥက္ကဋ္ဌ ၈ ဦးရှိပြီ ဖြစ်ပါတယ်။ သူတို့တွေကတော့ စောစံဖိုးသင်၊ စောဘဦးကြီး၊ စောဟန်တာသာမွှေး၊ မန်းဘဇံ၊ စောဘိုမြ၊ ပဒိုစောဘသင်စိန်၊  ပဒိုစောတာမလာဘောနဲ့ အခုရွေးချယ်ပေးခဲ့တဲ့ စောမူတူးစေးဖိုးတို့ပဲ ဖြစ်ပါတယ်။ ကရင်အမျိုးသားအစည်းအရုံးကို  ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ စတင်ဖွဲ့စည်းခဲ့ပါတယ်။ စတင်ဖွဲ့စည်းချိန်မှာ  ပထမဆုံး ဥက္ကဋ္ဌက စောစံဖိုးသင်ဖြစ်ပြီး ၁၉၄၉ ခုနှစ် ဇန်န၀ါရီလ ၃၀ ရက်နေ့မှာ မြန်မာအစိုးရက  ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ)နဲ့ ကရင်အမျိုးသားကာကွယ်ရေး တပ်ဖွဲ့ (ကေအန်ဒီအို)ကို မတရားအသင်း ကြေညာခဲ့အပြီး ၁၉၄၉ ခုနှစ် ဇန်န၀ါရီ ၃၁ ရက်နေ့မှာ  ကရင့်လက်နက်ကိုင် တော်လှန်ရေး စတင်ဖြစ်ပေါ်ခဲ့ပါတယ်။ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) ကွန်ဂရက်ကို ပုံမှန် ၄ နှစ်တကြိမ် ကျင်းပပြီး စစ်ရေး၊ နိုင်ငံရေး အခြေအနေများအပေါ်မူတည်ပြီး ပြောင်းလဲကျင်းပမှုတွေ ရှိခဲ့ပါတယ်။ ယခုကွန်ဂရက်ဟာ ၁၅ ကြိမ်မြောက်ဖြစ်ပြီး မြန်မာအစိုးရနဲ့လည်း အပစ်အခတ်ရပ်စဲရေးယူထား ချိန်ဖြစ်ပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024