DVB Logo
Home
မြန်မာသတင်း
ငြိမ်းချမ်းရေးဆွေးနွေးဖို့ ကေအိုင်အိုကို အစိုးရထပ်မံကမ်းလှမ်း
DVB
·
December 20, 2012
ငြိမ်းချမ်းရေးဆွေးနွေးဖို့ ကေအိုင်အိုကို အစိုးရထပ်မံကမ်းလှမ်း
Donate to DVB

ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ပြန်လည်စတင်ဖို့ အစိုးရ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့က ကချင်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို)ကို ကမ်းလှမ်းခဲ့ပါတယ်။

အစိုးရငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့က ဒီဇင်ဘာ ၁၃ ရက်နေ့မှာ နှစ်ဘက်ဆွေးနွေးပွဲတွေ ပြန်လုပ်ကြဖို့ ကေအိုင်အိုကို ကမ်းလှမ်းတယ်လို့ ငြိမ်းချမ်းရေးအကျိုးဆောင် ဦးဆန်းအောင်က ပြောပါတယ်။

[caption id="attachment_34562" align="alignright" width="300" caption="အောက်တိုဘာ ၃၀ ရက်နေ့က ရွှေလီမြို့မှာ ဆွေးနွေးခဲ့ကြစဉ်"][/caption]

လာမယ့်နှစ် ဇန်န၀ါရီလဆန်းပိုင်းမှာ မူဆယ် သို့မဟုတ် ဗန်းမော်မှာ ဆွေးနွေးချင်တဲ့ အကြောင်း ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးအောင်မင်းက ပေးပို့ကမ်းလှမ်းတာလို့ ဦးဆန်းအောင်က ပြောပါတယ်။

“အောက်တိုဘာ ၃၀ ရက်နေ့ ရွှေလီမှာ တွေ့ဆုံဆွေးနွေးခဲ့တုန်းက နိုင်ငံရေးအရ ဆွေးနွေးသွားမယ်လို့ မူအားဖြင့် နှစ်ဖက်သဘောတူထားတဲ့အတိုင်း အခု ဆက်လက်ပြီး နိုင်ငံရေးအရဆွေးနွေးဖို့ ပြန်အဆိုပြုတယ်တဲ့။ ဒီဇင်ဘာလထဲမှာလည်း ကေအိုင်အိုဘက်က အခါကြီးရက်ကြီးတွေ ရှိနေလို့ ၂၀၁၃ ဇန်န၀ါရီလဆန်းပိုင်းမှာ လုပ်ဖို့ဆန္ဒရှိတယ်လို့ အစိုးရဘက်က အဆိုပြုထားတာ ရှိတယ်။”

အစိုးရရဲ့ ကမ်းလှမ်းချက်အပေါ် ကေအိုင်အိုဘက်က သဘောထားကတော့ လတ်တလောမှာ ကေအိုင်အိုဌာနချုပ် လိုင်ဇာအနီးမှာ အစိုးရတပ်က ထိုးစစ်ဆင်ပြီး တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားနေတဲ့အတွက် အခြေအနေစောင့်ကြည့်ပြီးမှ အကြောင်းပြန်မယ်လို့ ပြန်လည်ပြောဆိုတဲ့ အကြောင်းလည်း ဦးဆန်းအောင်က ဆက်ပြောပါတယ်။

“ကေအိုင်အိုဘက်က တရားဝင်အကြောင်းမကြားသေးဘူး။ ၁၃ ရက်နေ့မှာ စာလာတယ်၊ ၁၄ ရက်နေ့မှ လိုင်ဇာ ဗဟိုဋ္ဌာနချုပ် ပတ်ဝန်းကျင်ကို အစိုးရတပ်တွေ ထိုးစစ်ဆင်လာပြီးတော့ တိုက်ပွဲအကြီးအကျယ်ဖြစ်တယ်။ ရဟတ်ယာဉ်တွေနဲ့ လက်နက်ကြီး အမြောက်တွေနဲ့လည်း ပစ်တာတွေရှိတော့ အစည်းအဝေး ဘယ်နေရာ၊ ဘယ်အချိန်မှာလုပ်မယ်ဆိုတာ ဆုံးဖြတ်ဖို့က စစ်ရေးအခြေအနေ နည်းနည်း စောင့်ကြည့်ပြီးမှ အကြောင်းပြန်မယ်။”

ကေအိုင်အို နိုင်ငံခြားရေးရာ ဒု-တာဝန်ခံ ဂျိမ်လွန်ဒေါင်ကတော့ ကေအိုင်အိုကို ထိုးစစ်ဆင်ပြီး ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ကမ်းလှမ်းတဲ့အပေါ် ဝေဖန်ပါတယ်။

“ငြိမ်းချမ်းရေးက အမြဲဆွေးနွေးတယ်။ ၁၉၉၄ ခုနှစ်ကတည်းက ကျနော်တို့ ငြိမ်းချမ်းရေးလုပ်ထားပြီးမှ ၁၇ နှစ်လည်းရှိပြီ။ အဲလိုပဲ ထားတယ်။ အခု သူတို့လာတိုက်တယ်၊ အခုပဲ ငြိမ်းချမ်းရေးဆွေးနွေးရအောင်ဆိုတာ ရယ်စရာကောင်းတယ်။ တကယ့် ငြိမ်းချမ်းရေး ဖြစ်မြောက်အောင်ဆိုတဲ့ စိတ်ထားမျိုး ဘယ်တော့မှ မရှိသေးဘူး။ ဒီစိတ်ထားမျိုး ရှိတော့မှ လာကမ်းလှမ်းမယ်ဆို အမြဲ ကြိုဆိုလျက်ပါ။”

ပြီးခဲ့တဲ့ အောက်တိုဘာ ၃၀ ရက်နေ့က တရုတ်နိုင်ငံ ရွှေလီမြို့မှာ ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲမှာ အရေးပါတဲ့ စစ်ရေးကိစ္စတွေကို မဆွေးနွေးနိုင်ခဲ့ကြပေမယ့်လည်း နောက်တကြိမ် ဆွေးနွေးပွဲမှာ နိုင်ငံရေးကိစ္စတွေကို ဆွေးနွေးကြတဲ့အခါ ဒီစစ်ရေးကိစ္စတွေ ဆွေးနွေးဖို့ သဘောတူခဲ့ကြတာပါ။

ဒီဇင်ဘာ ၁၇ ရက်နေ့ကလည်း အမေရိကန်သံအမတ် ဒဲရစ်မစ်ချယ်ဟာ မြစ်ကြီးနားမြို့ကို ရောက်ရှိပြီး ကချင်ဒေသစစ်ပွဲနဲ့ စစ်ရှောင်ဒုက္ခသည်တွေရဲ့အခြေအနေတွေကို ပြည်နယ်အစိုးရ ငြိမ်းချမ်းရေးအကျိုးဆောင်တွေနဲ့ ပါတီတာဝန်ရှိသူတွေ၊ တက်ကြွလှုပ်ရှားသူတွေကို မေးမြန်းခဲ့ပါတယ်။

အစိုးရဘက်က ကမ်းလှမ်းချက် အသစ်နဲ့ ပတ်သက်လို့ ၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့ရဲ့ ငြိမ်းချမ်းရေးနဲ့ တိုင်းရင်းသားအရေးတာဝန်ခံ ဦးမြအေးက နှစ်ဘက် ဆွေးနွေးပွဲတွေဟာ အမည်ခံသာမဟုတ်ဘဲ အနှစ်သာရရှိရှိ အဖြေထုတ်ကြဖို့ တိုက်တွန်းပါတယ်။

“တွေ့ဆုံဆွေးနွေးပွဲတွေဆိုတာထက် အဖြေတခု ရလဒ်တခု ရနိုင်တဲ့ ပွဲတွေဖြစ်စေချင်တယ်။ အချိန် ၁ နှစ်ကြာလာပြီ အဖြေရလဒ်တခု မရသေးဘူးဆိုတော့ အများကြည့်လို့မြင်လို့ကောင်းအောင် လုပ်နေတာထက် အဖြေတခု ရလဒ်တခုရအောင် တွေ့ဆုံတာမျိုးဖြစ်စေချင်တယ်။ အဲအတွက် ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့အနေနဲ့ ဘယ်လိုအပိုင်း ကဏ္ဍက ဘာတွေလုပ်ပေးရမလဲ၊ နှစ်ဖက်စလုံးကို မေတ္တာရပ်ခံတယ်။ ကျနော်တို့ လုပ်ပေးနိုင်တာတွေ လုပ်ပေးချင်တယ်။”

နိုင်ငံတော်သမ္မတက ကေအိုင်အေကို ထိုးစစ်မဆင်ဖို့ တပ်မတော်ကို အမိန့်ပေးတာ ၁ နှစ် တင်းတင်းပြည့်ပေမယ့် တိုက်ပွဲတွေဆက်ဖြစ်နေပါတယ်။ တရုတ်နိုင်ငံ ရွှေလီမြို့မှာ နှစ်ဘက်ဆွေးနွေးပွဲတွေ ၂ ကြိမ်ပြုလုပ်ခဲ့ပေမယ့် ထင်ရှားတဲ့ရလဒ်  မတွေ့ရသေးပါဘူး။

ဆွေးနွေးပွဲတွေမှာ ကေအိုင်အိုက သူ့ထိန်းချုပ်နယ်မြေထဲက အစိုးရတပ်တွေကို ရုပ်သိမ်းပေးဖို့ တောင်းဆိုနေပြီး အစိုးရဘက်ကလည်း ဒီတောင်းဆိုချက်ကို မလိုက်လျောဘဲ ရပ်တည်တာကြောင့် နှစ်ဘက်ဆွေးနွေးပွဲတွေ ရှေ့ဆက်မရနိုင် ဖြစ်နေရပါတယ်။

ကေအိုင်အိုဟာ ၁၉၉၄ ခုနှစ်မှာ အစိုးရနဲ့ အပစ်အခတ်ရပ် သဘောတူခဲ့ပေမယ့် တပ်မတော်အစိုးရက ၂၀၁၀ ခုနှစ်မှာ လုပ်ဆောင်တဲ့ နယ်ခြားစောင့်တပ် ပြောင်းခိုင်း၊ လက်နက်ချခိုင်းတဲ့ အစီအစဉ်တွေကို ကေအိုင်အိုက လက်မခံတာကြောင့် စစ်ပွဲတွေပြန်ဖြစ်နေတာပါ။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013