DVB Logo
Home
မြန်မာသတင်း
ငလျင်ကြောင့်ပျက်စီးသွားတဲ့ စေတီပုထိုးတွေပြုပြင်ဖို့ ကျပ်သိန်းပေါင်းများစွာလိုအပ်နေ
DVB
·
December 19, 2012
ငလျင်ကြောင့်ပျက်စီးသွားတဲ့ စေတီပုထိုးတွေပြုပြင်ဖို့ ကျပ်သိန်းပေါင်းများစွာလိုအပ်နေ
Donate to DVB

စစ်ကိုင်းတိုင်းအတွင်း  ငလျင်ဒဏ်ကြောင့် ပျက်စီးသွားတဲ့ စေတီပုထိုးတွေနဲ့  သာသနိက အဆောက်အဦတွေ ပြန်လည် မွမ်းမံပြင်ဆင်ဖို့ အလှူငွေ ကျပ်သိန်းပေါင်း သောင်းနဲ့ချီ အကူအညီလိုအပ်နေတယ်လို့ စစ်ကိုင်းတိုင်း အစိုးရအဖွဲ့က ပြောကြားလိုက်ပါတယ်။

ပြီးခဲ့တဲ့လက  လှုပ်ခတ်သွားတဲ့ အင်အားပြင်ငလျင်ကြီးကြောင့် စစ်ကိုင်းတိုင်းအတွင်းက  စစ်ကိုင်း၊ ရွှေဘို၊ ၀က်လက်၊ ခင်ဦးနဲ့ ကန့်ဘလူ စတဲ့ မြို့နယ်  ၆ မြို့နယ်လောက်က  ရာနဲ့ ချီတဲ့ ဘုရားစေတီ ပုထိုး၊ ကျောင်းကန်တွေ ပျက်စီးသွားခဲ့တာပါ။

ငလျင်ဒဏ်ကြောင့် အဓိကပြင်ဆင်ဖို့ လိုအပ်နေတဲ့ စေတီနဲ့ ဘုရားတွေထဲမှာ  စစ်ကိုင်းမြို့နယ်က အောင်မြေလောက ဘုရား၊ လေးကျွန်းမာန်အောင်ဘုရား၊ ရွှေဘိုမြို့နယ်က  ပုခန်းကြီးဘုရား၊ အရှေ့လောကမာရဇိန် ဘုရား၊ ချမ်းသာကြီးစေတီနဲ့ ချမ်းသာရစေတီ၊ ခင်ဦးမြို့နယ်က အညာသီဟတောဘုရား စတာတွေ ပါဝင်ပြီး တချို့က အကြီးစားပြုပြင်ရမှာဖြစ်သလို တချို့က အလတ်စားနဲ့ သာမန်အသေးစား မွမ်းမံပြင်ဆင်မှုတွေလုပ်ဖို့ လိုအပ်နေတာပါ။

ငလျင်ကြောင့် သာသနိက အဆောက်အဦတွေ ပျက်စီးမှုအတိုင်းအတာနဲ့ ပတ်သက်ပြီး  ရွှေဘိုမြို့မှာ ငလျင်အပျက်အစီးတွေကို ပြန်လည်တည်ဆောက်ရေး သွားရောက် ဆောင်ရွက်နေတဲ့  စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်မျိုးညွန့်က ရှင်းပြပါတယ်။

“ကျနော်တို့က ၂ ပိုင်းခွဲထားတယ်၊ သာသနိကနဲ့ စေတီတွေဆိုပြီး၊ သာသနိကမှာ ဘုန်းကြီးကျောင်းတွေ၊ တန်ဆောင်း၊ မုခ်ဦး၊ ဘုန်းကြီးကျောင်း အုတ်တံတိုင်းတွေ၊ ပါဝင်ပါတယ်။ စေတီမဟုတ်တာတွေကို သာသနိကလို့ သတ်မှတ်ပါတယ်။ သာသနိကအဆောက်အဦ အားလုံးပေါင်းက ၂၂၄ ခုပါ။ စေတီက ၂၇၃ဆူပါ၊ သာသနိကရော စေတီအတွက်ရော ပြုပြင်ဖို့လိုအပ်ပါတယ်။ ထီးတော်တွေပျက်တာလည်း များတယ်။ တချို့ကျတော့လည်း ပျက်တာကတော့ နည်းနည်းပျက်ပေမယ့် စေတီက သက်တမ်းရင့်တဲ့အခါကျတော့ ပြုပြင်တဲ့အခါမှာ အုတ်တို့၊ ဘိလပ်မြေတို့က ပြန်မတွဲတော့ဘူးလေ။ ပျက်စီးတဲ့တန်ဖိုးကနည်းတယ် ဆိုပေမယ့် ပြန် ပြုပြင်ရမယ့် တန်ဖိုးက များသွားတယ်။”

ပြန်လည်ပြုပြင်ရမယ့် ကုန်ကျစရိတ်တန်ဖိုးက ခန့်မှန်းချေ မြန်မာကျပ်ငွေ  သိန်းပေါင်း ၁ သောင်းကျော်လောက် ရှိပြီး  အစိုးရနဲ့ ပုဂ္ဂလိကပိုင်းက အလှူငွေ ကျပ် သိန်း ၄ ထောင်လောက်ပဲ ရသေးတဲ့အကြောင်းနဲ့ စေတီပုထိုးတွေအပြင် လူနေအိမ်တွေ၊ စာသင်ကျောင်းနဲ့ ဆေးရုံဆေးခန်းတွေလည်း ငလျင်ကြောင့်ပျက်စီးသွားတဲ့အတွက်  ပြင်ဆင်ဖို့ အကူအညီတွေ လိုအပ်နေသေးတယ်လို့လည်း စစ်တိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့က ပြောပါတယ်။

အပျက်အစီးတွေကို သွားရောက်  ပြုပြင်ရေးလုပ်ငန်းတွေမှာလည်း ငွေကြေးအပြင် လမ်းပန်း ဆက်သွယ်ရေးမှာ အခက်အခဲတွေ ကြုံတွေ့နေရတယ်လို့ ဦးဇော်မျိုးညွန့်က ပြောပါတယ်။

“အပျက်အစီးများတာ ဧရာဝတီမြစ်ကြောင်းရဲ့ ဘေး ဘယ်၊ ညာ အပျက်များပါတယ်။ လုပ်ရတဲ့နေရာမှာ စိန်ခေါ်မှုတွေက တချို့ရွာလေးတွေက လမ်းပန်းဆက်သွယ်ရေးခက်ခဲတော့ အဓိက ဧရာဝတီမြစ်ကိုပဲ အမှီပြုပြီး သွားလာနေရတော့ ပစ္စည်းပို့တဲ့နေရာမှာ အခက်အခဲရှိတယ်။ ရွာတွေကို ကားလမ်းမကြီးတွေကနေ လမ်းသွယ်လေးတွေ ဖောက်ဖောက်ပြီးတော့မှ ရွာတွေဆီသွား ပစ္စည်းပို့ရတာ နည်းနည်း ခက်ခဲတယ်။”

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၁ ရက်က ရွှေဘိုမြို့ အရှေ့မြောက်ဘက် ၃၅ မိုင်အကွာကို ဗဟိုပြုပြီး ရစ်ခ်ျတာစကေး ၆ ဒဿမ ၈ ရှိအင်အားပြင်းငလျင်နဲ့ နောက်ဆက်တွဲငလျင်တွေ လှုပ်ခတ်ခဲ့တာကြောင့် စစ်ကိုင်းနဲ့ မန္တလေးတိုင်းဒေသကြီးထဲက  စစ်ကိုင်း၊ ရွှေဘို၊ ကျောက်မြောင်း၊ ခင်ဦး၊ အမရပူရ၊ စဥ့်ကူး၊ ကျောက်ဆည်နဲ့ သပိတ်ကျဉ်းစတဲ့  မြို့နယ် အတော်များများမှာ  အဆောက်အဦတွေ ပျက်စီးဆုံးရှုံးပြီး လူတွေပါ ထိခိုက်သေဆုံးခဲ့ကြရတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013