DVB Logo
Home
မြန်မာသတင်း
တောဆင်ရိုင်းတွေ သောင်းကျန်းမှုကြောင့်လူသေဆုံးမှုရှိနေ
DVB
·
December 18, 2012
Donate to DVB

ရန်ကုန်တိုင်းနဲ့ ပဲခူးတိုင်းတွေမှာ တောဆင်ရိုင်းတွေ သောင်းကျန်းနေမှုကြောင့် လူသေဆုံးမှုတွေရှိနေပြီး လယ်သမားတွေရဲ့ စပါးခင်းတွေပါ ပျက်စီးမှုတွေရှိနေတယ်လို့ ဒီဗွီဘီက စုံစမ်းသိရပါတယ်။

ရန်ကုန်တိုင်း တိုက်ကြီးမြို့နယ် ဥက္ကံမြို့ ပတ်ဝန်းကျင်တ၀ိုက်  ကျေးရွာတွေမှာ အခုနှစ်အတွင်း ဆင်ရိုင်းတွေကြောင့် သေဆုံးသူပေါင်း  ၃ ဦး ရှိသွားပြီလို့  ဥက္ကံရဲတပ်ဖွဲ့က ပြောပါတယ်။

ပြီးခဲ့တဲ့ မေလက မိန်းကလေး ၁ ဦးသေဆုံးပြီး   နိုဝင်ဘာလမှာ အမျိုးသား ၁ ဦး ဆင်နင်းလို့ သေဆုံးခဲ့တဲ့အကြောင်းနဲ့ ပြီးခဲ့တဲ့ စနေနေ့ကလည်း   ဥက္ကံမြို့ကနေ ၈ မိုင်လောက် ဝေးတဲ့ ရေအိုးစင် ကျေးရွာအုပ်စု၊ ရေတွင်းဖြူ ကျေးရွာမှာ  အသက် ၂၄ နှစ် အရွယ် ကိုစိုးသူဝင်း ဆိုသူ ၁ ဦး ဆင်ရိုင်းတွေကြောင့် ထပ်မံသေဆုံးသွားတယ်လို့ ဥက္ကံရဲစခန်းက တာဝန်ကျ ရဲတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

“ရွာရဲ့မြောက်ဘက်နားမှာ ကြံခင်းရှိတယ်လေ။ ကြံခင်းတွေက တောင်ခြေနားကပ်နေတော့ ဆင်တွေဝင်တာပေါ့။ ဆင်ဝင်သံကြားလို့ ဒီကနေ ရွာသားတွေ စုသွားတော့ ဆင်လိုက်ရှာတဲ့သူက ဆင်ကိုမတွေ့ဘဲ ဆင်က သူတို့တွေကို တွေ့ပြီး လိုက်တော့ ခြေဦးတည့်ရာပြေးရင်းနဲ့ ဖြစ်သွားတာ။ လက်ရှိ ကျေးရွာလူကြီးတွေနဲ့ သွားတဲ့အခါ အကြမ်းဖျဉ်းတွေ့ရချက်ပါ။”

ဒီသေဆုံးမှုနဲ့ ပတ်သက်ပြီး သေမှုသေခင်း စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့လည်း ရဲကပြောပါတယ်။

ပဲခူးရိုးမတောင်ပေါ် ကနေ ဆင်ရိုင်းတွေဟာ   အခုလိုအချိန်တွေမှာ  နှစ်စဉ်လိုလို  အစာရှာဆင်းလာကြရင်းက လူတွေကို ရန်မူသွားကြတာ ဖြစ်ပါတယ်။

အလားတူ  ပဲခူးတိုင်း ပဲခူးမြို့နယ် ချောင်းဖျားဘက်က ကျေးရွာတွေမှာ  စပါးစပေါ်ချိန်ကစပြီး တောဆင်ရိုင်းတွေ ၀င်ရောက် သောင်းကျန်းနေတဲ့အတွက်  ကောက်လှိုင်းစပါးတွေ ပျက်စီးသလို တချို့ရွာတွေမှာလည်း ဆင်တွေ ၀င်ရောက် ဖျက်ဆီးမှုတွေ ခံနေရတယ်လို့ နယ်ခံတွေကပြောပါတယ်။

လက်ရှိချောင်းဖျားဒေသက  ရွာပေါင်း ၅၀ ကျော်က လယ်မြေဧက ၂၀၀ ကျော်မှာ ဆင်တွေ ၀င်ရောက် ဖျက်ဆီးမှုရှိခဲ့တယ်လို့ ပဲခူးမြို့နယ်က  ကိုဂျမားက ပြောပါတယ်။

“၀ပိုင်ကုန်း၊ တန်းမြင့်၊ ထန်းတောကြီးအုပ်စု ရွာတွေ အစရှိတဲ့ ရွာတွေကို တောဆင်ရိုင်းတွေက နှစ်စဉ်နှစ်တိုင်းလိုလို ၀င်ဖျက်တယ်။ သစ်တောတွေပြုန်းတီးတော့ တောထဲမှာ အစာရှားတော့ လူတွေနေတဲ့ရွာတွေကို ဆင်းလာပြီး စပါးပင်တွေ စားတယ်၊ နင်းချေတယ်၊ ဖျက်ဆီးတယ်။ စပါးကျီတွေ ၀င်ဖျက်တယ်၊ စားတယ်။ တချို့နိမ့်တဲ့ အိမ်တွေဆိုရင် ဆင်တွေက အားနဲ့တွန်းလှဲတာတွေ လုပ်သွားတယ်။ လူတွေကို တွေ့ရင် ရန်မူသွားတယ်။”

ဆင်တွေဟာ အုပ်စုလိုက်လာပြီး လယ်တွေ၊ ရွာတွေဆီ ၀င်ရောက်တဲ့အတွက် သူတို့ကို မောင်းထုတ်တဲ့ ရွာသားတွေကို ပြန်ပြီး ရန်မူတဲ့အတွက် ကျေးရွာသားတွေ ကြောက်လန့်နေကြရတယ်လို့လည်း ပြောပါတယ်။

ဆင်တွေအခုလို စပါးခင်းတွေ ၀င်ရောက်ဖျက်ဆီးနေတဲ့အပေါ် ရွာသူရွာသားတွေက တိုင်းဒေသကြီး အစိုးရအဖွဲ့ကို တင်ပြရာမှာ သစ်တောဦးစီးဌာနက သွားရောက် လေ့လာခဲ့ပေမယ့် တစုံတရာ လုပ်ဆောင်ပေးတာတွေ မရှိဘူးလို့ ပြောပါတယ်။

ဥက္ကံရဲတပ်ဖွဲ့ကတော့ ရွာသားတွေကို ဆင်တွေမလာနိုင်တဲ့နေရာမှာ တစုတစည်းထဲ ရွှေ့ပြောင်းနေကြဖို့ တိုက်တွန်းထားပြီး တဖက်က ရှားပါးတောရိုင်းတိရိစ္ဆာန်တွေကို ထိန်းသိမ်း စောင့်ရှောက်ပေးနေရသလို၊ တဖက်က လူတွေအတွက် အသက်အန္တရာယ်ရှိနေတဲ့အတွက် သတိထား ကိုင်တွယ် ဖြေရှင်းနေရတယ်လို့ ပြောပါတယ်။

အလားတူပဲ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ် ချောင်းသာကမ်းခြေသွားရာလမ်း တလျှောက်က ကျေးရွာတွေမှာလည်း တောဆင်ရိုင်းတွေ မကြာခဏဆိုသလို ၀င်ရောက်ပြီး လူတွေကို အန္တရာယ်ပြုတာ၊ လူနေအိမ်နဲ့ စိုက်ခင်းတွေကို ဖျက်ဆီးတာတွေ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီလိုတောဆင်ရိုင်းတွေ ရွာတွေထဲဝင်ရတဲ့ အဓိကအကြောင်းအရင်းကတော့  သစ်တောခုတ်ထွင်နေမှုတွေကြောင့်  ဆင်တွေအတွက် စားကျက်မြေ နေရာပျောက်ပြီး အနီးအနားက ကျေးရွာတွေကို ၀င်ရောက်တာလို့လည်း ဒေသခံရွာတွေက ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013