ABSDF ကိုယ်စားလှယ်အဖွဲ့ မြန်မာပြည် လေ့လာရေးခရီးထွက်ခွာ
DVB
·
December 18, 2012
မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (အေဘီအက်စ်ဒီအက်ဖ်) ရဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ မြန်မာပြည်ပြုပြင်ပြောင်းလဲမှုတွေကို လေ့လာဖို့ ဒီဇင်ဘာ ၁၈ ရက်မနက်မှာ ထိုင်းနိုင်ငံ မဲဆောက်မြို့ကနေ မြန်မာနိုင်ငံတွင်းဝင်ရောက်သွားပါတယ်။
ကျောင်းသားတပ်မတော်ရဲ့ ဥက္ကဋ္ဌ ဦးသံခဲဦးဆောင်တဲ့ ကိုယ်စားလှယ် ၉ ဦးအဖွဲ့ဟာ သမ္မတဦးသိန်းစိန် အစိုးရရဲ့ ပြုပြင်ပြောင်းလဲမှုတွေကို လေ့လာဖို့၊ ပြည်တွင်းနိုင်ငံရေးအဖွဲ့တွေနဲ့ တွေ့ဆုံဖို့ အပြင် ၂၄ နှစ်ကျော် ကွဲကွာနေတဲ့ မိဘဆွေမျိုးတွေကို ပြန်လည်တွေ့ဆုံဖို့ ရည်ရွယ်သွားရောက်တာဖြစ်တယ်လို့ ဒု-ဥက္ကဋ္ဌ ကိုမျိုးဝင်းကပြောပါတယ်။
ရန်ကုန်၊ နေပြည်တော်နဲ့ သက်ဆိုင်ရာ ဒေသအသီးသီးကို ၂ ပတ်ကြာ သွားရောက် လေ့လာမှာ ဖြစ်ပြီး အစိုးရ၀န်ကြီးဌာနတွေနဲ့ နေပြည်တော်မှာတွေ့ဆုံဖို့ အစီအစဉ်တွေလည်း ရှိတယ်လို့ ပြောပါတယ်။
ကျောင်းသားတပ်မတော် ကိုယ်စားလှယ်အဖွဲ့ကို မြန်မာအစိုးရဘက်က ဒု - လ၀ကမှူး ဦးထင်အောင်မိုး လာရောက်ကြိုဆိုပြီး ကား ၂ စီးနဲ့ စတင်ထွက်ခွာခဲ့တာပါ။
တဖက်မှာ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ စားပွဲဝိုင်းမှာ ဖြေရှင်းဖို့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် စတင်နေပေမယ့် ကချင်ပြည်နယ်မှာတော့ ကျောင်းသားတပ်မတော်နဲ့ အစိုးရတပ်တွေကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး ကျောင်းသားတပ်မတော်ကိုလဲ အစိုးရက မတရားသင်းအဖြစ် ကြေညာထားဆဲပါ။
၈၈၈၈ အရေးတော်ပုံကြီးကနေ စတင် ပေါက်ဖွားလာခဲ့တဲ့ ကျောင်းသားတပ်မတော်ဟာ ၂၄ နှစ် သက်တမ်းရှိခဲ့ပြီး ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နဲ့ ဖေဖော်ဝါရီ၊ ဧပြီနဲ့ နိုဝင်ဘာလအတွင်း ၃ ကြိမ် ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။