DVB Logo
Home
မြန်မာသတင်း
ကချင်ပြည်နယ် ကာမိုင်းရဲစခန်း ကေအိုင်အေ စီးနင်းတိုက်ခိုက်
DVB
·
December 18, 2012
ကချင်ပြည်နယ် ကာမိုင်းရဲစခန်း ကေအိုင်အေ စီးနင်းတိုက်ခိုက်
Donate to DVB

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ကာမိုင်းမြို့နယ်ခွဲရှိ ရဲစခန်းတခုကို  ကချင်လွတ်လပ်ရေးတပ်မတော် (ကေအိုင်အေ) က ဒီဇင်ဘာ ၁၈ ရက် နံနက် ၄ နာရီ အချိန်တွင် ၀င်ရောက်စီးနင်း တိုက်ခိုက်မှုဖြစ်ပွားခဲ့ရာမှာ အနည်းဆုံးလူ ၂ ဦးသေဆုံးပြီး ၃ ဦး ဒဏ်ရာရသွားတယ်လို့  ဒေသခံ မျက်မြင်တွေက ပြောပါတယ်။

ရဲစခန်းကို ကချင်လွတ်လပ်ရေး တပ်မတော် (ကေအိုင်အေ)က ရဲစခန်းကို ၀င်ရောက်စီးနင်းစဉ် ရဲတပ်ဖွဲ့ဝင်တွေက  ခုခံတာတွေ ပြုလုပ်တာကြောင့် နာရီဝက်လောက် ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တာပါ။

မနက် ၄ နာရီကျော်လောက်မှာ သေနတ်သံတွေ စကြားရပြီးတော့ ၅ နာရီကျော်တဲ့ အထိ သေနတ်သံတွေ ကြားနေရတယ်လို့  ကာမိုင်းမြို့မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပါတီညီလာခံ ကျင်းပပေးဖို့ ရောက်ရှိနေတဲ့ ခရိုင်အဖွဲ့ဝင် ဦးဟန်မြင့်က ပြောပါတယ်။

ဒီတိုက်ခိုက်မှုကြောင့် ၂ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရသွားတဲ့အကြောင်းနဲ့ ဒဏ်ရာရသူ ရဲတပ်ဖွဲ့ဝင် ၁ ဦးနဲ့ အမျိုးသမီး ၂  ဦးတို့ ကို ကာမိုင်းဆေးရုံကို ပို့ပေးခဲ့တယ်လို့ လိုက်ပါပို့ဆောင် ပေးသူတဦးဖြစ်တဲ့ ဦးဟန်မြင့်က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်ပြီး ကာမိုင်းမြို့ရှိ သက်ဆိုင်ရာအာဏာပိုင်တွေ ဖားကန့်မြို့နယ် ရဲစခန်းနဲ့ ကချင်ပြည်နယ် ရဲစခန်းတွေကို  ဒီဗွီဘီက အတည်ပြုချက်ရယူဖို့ ကြိုးစားဆက်သွယ်ခဲ့ပေမယ့် ဖြေကြားခဲ့ခြင်းမရှိပါဘူး။

ယခင် ရက်ပိုင်းက အင်းတော်ချောင်းဖျားရှိ ကေအိုင်အေ တပ်ရင်း ၆ လက်အောက်ခံ တပ်ဖွဲ့ကို အစိုးရတပ်က ၀င်ရောက်စီးနင်းခဲ့ပြီး နောက်ဆက်တွဲ ဖြစ်လာတဲ့ ဖြစ်ရပ်လို့ သုံးသပ်တဲ့အကြောင်း ဖားကန့်မြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဝင် ဦးဒါရှီလာဆိုင်း က ပြောပါတယ်။

ယခင်ရက်ပိုင်းက အစိုးရက ကာမိုင်း ရဲစခန်းတွင် လက်နက်များ ပို့ဆောင်ထားတာကို ကေအိုင်အေက သတင်းရရှိပြီး ၀င်ရောက် စီးနင်းတာကလည်း တိုက်ခိုက်တဲ့အကြောင်းအရင်း တရပ် ဖြစ်နိုင်တယ်လို့ သူက ဆိုပါတယ်။

အလားတူ ဖားကန့်မြို့မှာလည်း မနက် ၆ နာရီလောက်က ကေအိုင်အေ တပ်ရင်း ၆ လက်အောက်ခံ တပ်ဖွဲ့များ ရှိတဲ့ နေရာကို အစိုးရဗျူဟာကုန်းက လက်နက်ကြီးဖြင့် ၁၀ ချက်ခန့် ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

လက်နက်ကြီးဟာ ကချင်ရွာအပြင်ဘက်မှာ ကျရောက်ပေါက်ကွဲတဲ့အတွက် အသေအပျောက်မရှိဘူးလို့လည်း ဦးလာဆိုင်းက ပြောပါတယ်။ ယခုရက်ပိုင်းအတွင်း ကချင်ပြည်နယ်တွင် အစိုးရတပ်နဲ့ ကေအိုင်အေတို့ အကြား တိုက်ပွဲတွေ  အပြင်းအထန် ဆက်တိုက်ဖြစ်ပွားနေပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013