DVB Logo
Home
မြန်မာသတင်း
အမေရိကန်သံအမတ် မြစ်ကြီးနားရောက်ရှိ၊ ကချင်အရေးမေးမြန်း
DVB
·
December 18, 2012
အမေရိကန်သံအမတ် မြစ်ကြီးနားရောက်ရှိ၊ ကချင်အရေးမေးမြန်း
Donate to DVB

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး ဒဲရစ်မစ်ချယ်ဦးဆောင်တဲ့ ၈ ဦးပါအဖွဲ့ဟာ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ကိုရောက်ရှိပြီး ပြည်နယ်အစိုးရ၊ ငြိမ်းချမ်းရေးအကျိုးတော်ဆောင်တွေ၊ နိုင်ငံရေးပါတီတွေနဲ့ တက်ကြွလှုပ်ရှားသူတွေကို စစ်ပွဲကိစ္စနဲ့ ဒုက္ခသည် ကိစ္စတွေကို တွေ့ဆုံမေးမြန်းနေ ပါတယ်။

ကချင်ငြိမ်းချမ်းရေး အကျိုးတော်ဆောင်အဖွဲ့နဲ့ မနေ့ညနေပိုင်းက စားသောက်ဆိုင် တခုမှာ  တွေ့ဆုံရာမှာ အဓိကအားဖြင့် အချက်အလက်တော်တော်များများကို သံအမတ်ကြီးနဲ့ အဖွဲ့က သိရှိပြီးဖြစ်နေသလို ကွဲလွဲတဲ့အချက်အလက်တွေကို အတည်ပြုချက်ရယူ မေးမြန်းတယ်လို့ ကချင်ငြိမ်းချမ်းရေးအကျိုးတော်ဆောင် ပြောခွင့်ရသူ ဦးဆန်းအောင်က ပြောပါတယ်။

“ပြောတာက အရင်တုန်းက ငြိမ်းချမ်းရေးအကျိုးတော်ဆောင်နဲ့ စတင်လုပ်လာတဲ့ သမိုင်းကြောင်းလေးတွေ၊ စာရင်းကွဲဖြစ်စဉ်လေးတွေကိုပဲ ပြောပြတာပါ။ သူတို့လည်း အထွေအထူးတော့ မမေးပါဘူး။ အရင်ကဖြစ်ခဲ့တာတွေ၊ ပြီးတော့ ရွှေ့ပြောင်းနေထိုင်သူတွေရဲ့ စခန်းတွေကို သူတို့ ဘယ်လို ကူညီပေးနိုင်မလဲ ဆိုတာလေးတွေ နည်းလမ်းရှာဖို့ အဲလောက်ပါပဲ” လို့ ပြောပါတယ်။

အမေရိကန်သံအမတ်ကြီးနဲ့အတူ ၀ါရှင်တန်ဒီစီကလာတဲ့ အရာရှိ ၂ ဦးနဲ့ ရန်ကုန် အမေရိကန်သံရုံးက ၀န်ထမ်း စုစုပေါင်း ၈ ဦး ပါဝင်တယ်လို့ဆိုပါတယ်။

ကေအိုင်အိုနဲ့အစိုးရအကြား တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး အမေရိကန်သံအမတ်ကြီးရဲ့ ပြောဆိုချက်ကို ဦးဆန်းအောင် ပြန်ပြောပြတာက “သူတို့သိတာကလည်း ကချင်ကတော့ ၉၄ ခုနှစ်ကတည်းက အပစ်အခတ်ရပ်ပြီးသား ပဲဆိုတာမျိုး မြင်တယ်။ အပစ်အခတ်ရပ်ပြီးသားကနေ ပြန်တိုက်တယ် ဆိုတော့ အဲဒီကို နည်းလမ်းအတိုင်းဆိုရင် မရဘူးဆိုတာကို သူသဘောပေါက် တယ်တဲ့။” လို့ ပြောပါတယ်။

ဒီခရီးစဉ်နဲ့ပတ်သက်လို့ ဦးဆန်းအောင်က အမေရိကန်ကိုယ်စားလှယ်အဖွဲ့ဟာ ကချင်ပြည်နယ်က အခြေအနေကို သက်ဆိုင်သူတွေ တော်တော်များများနဲ့ တွေ့ဆုံပြီး အခြေအနေသုံးသပ်ဖို့ အချက်အလက်စုဆောင်းတဲ့ ခရီးစဉ်ဖြစ်နိုင်တယ်လို့ လည်း သုံးသပ်ပါတယ်။

“သူက အကုန်လုံးခြုံငုံသုံးသပ်ဖို့အတွက် သူတို့သိထားတဲ့အချက်အလက်တွေနဲ့ ဒီက နေရပ်စွန့်ခွာပြီး ရွှေ့ပြောင်းနေထိုင်သူတွေရဲ့ စခန်းအခြေအနေ၊ ရွှေ့ပြောင်းနေထိုင်သူတွေက သူတို့ကို တင်ပြတဲ့အချက်အလက်တွေ၊ ပြည်နယ်အစိုးရရဲ့ တင်ပြတဲ့အချက်အလက်တွေ၊ မြို့မိမြို့ဖတွေ တင်ပြတဲ့အချက်အလက်တွေနဲ့ အကျိုးဆောင်တွေနဲ့တွေ့တဲ့အချိန်မှာ မေးမြန်းပြီး ရရှိခဲ့တဲ့အချက်အလက်တွေကို အားလုံးပေါင်းပြီးမှ ပါဝင်လို့ရမယ့်နေရာမှာ ပါဝင်မယ်ဆိုတဲ့ သဘောလားတော့ မသိပါဘူး။ သူတို့က ဒီမှာ တခါမှ မရောက်သေးလို့ အခြေအနေကို လေ့လာသုံးသပ်တဲ့အနေနဲ့ လာတယ်လို့ပဲမြင်ပါတယ်” လို့ ဆိုပါတယ်။

အမေရိကန်သံအမတ်ကြီးနဲ့ သံတမန်အဖွဲ့ရဲ့ ခရီးစဉ်ဟာ ဒုက္ခရောက်နေကြတဲ့ နေရပ်စွန့်ခွာရွှေ့ပြောင်းနေထိုင်သူတွေ အကူအညီရရေးအတွက် အထိုက်အလျောက် တွန်းအား ဖြစ်လာလိမ့်မယ်လို့ အကောင်းဘက်က မျှော်လင့်တယ်လို့လည်း သူက ပြောပါတယ်။
မစ္စတာ ဒဲရစ်မစ်ချယ်နဲ့ အဖွဲ့ဟာ အိုင်ဒီပီစခန်းတွေကို ဒီနေ့ သွားကြည့်မယ်လို့ ဆိုပါတယ်။ သူတို့ဟာ နေ့လည်ပိုင်းမှာတော့ ဒေါက်တာတူးဂျာ၊ အန်ဒီအက်ဖ်ပါတီက ဒေါ်ဘောက်ဂျာအပါအ၀င် ၆ ဦးနဲ့ တွေ့ဆုံဖို့လည်း ရှိပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013