DVB Logo
Home
မြန်မာသတင်း
ကချင်တိုက်ပွဲထပ်ဖြစ်နေတာကြောင့် ဒုက္ခသည်တွေတိုးလာ
DVB
·
December 17, 2012
ကချင်တိုက်ပွဲထပ်ဖြစ်နေတာကြောင့် ဒုက္ခသည်တွေတိုးလာ
Donate to DVB

ကချင်ပြည်နယ်မှာ အစိုးရတပ်တွေနဲ့ ကချင်လွတ်မြောက်ရေး တပ်မတော် အကြား အခုရက်ပိုင်းအတွင်းမှာ တိုက်ပွဲတွေ ထပ်မံ  ဖြစ်ပွားခဲ့တဲ့ အတွက် လိုင်ဇာနဲ့ တခြား ဒုက္ခသည်စခန်းတွေကို ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေ များလာနေပါတယ်။

လိုင်ဇာအနီးနားမှာ ရှိတဲ့ ဒုက္ခသည်စခန်းတွေဆီကို ခုရက်ပိုင်းအတွင်းထပ် ရောက်လာတဲ့ ဒုက္ခသည် အားလုံးပေါင်းရင်တော့ ရာနဲ့ချီ ရှိတယ်လို့ ကချင်စစ်ပြေး ဒုက္ခသည်တွေကို ကူညီကယ်ဆယ်ပေးနေတဲ့ အဖွဲ့က ပြောပါတယ်။

[caption id="attachment_18685" align="alignleft" width="300" caption="ကချက်​ဒု​က္ခ​သည်​များ​"][/caption]

ဒုက္ခသည် အရေအတွက်ကို စာရင်းပြုစုနေဆဲ ဖြစ်တဲ့အတွက် အတိအကျ မပြောနိုင်သေးတဲ့အကြောင်းနဲ့ စစ်ကြောင့် ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေဟာ ဒေါ့ဖုန်းယမ် မြို့နယ်ခွဲက နားလုံဘက် ရွာတွေက ရောက်လာကြတာလို့ ကချင်စစ်ပြေး ဒုက္ခသည်များကူညီကယ်ဆယ်ရေး ကော်မတီ  ကကိုလာရစ်က ပြောပါတယ်။

“အခုတလော တိုက်ပွဲဖြစ်တဲ့နေရာ အနီးတ၀ိုက်က ရွာတွေထဲက ထွက်လာတာ။ နားလုံနဲ့ ဖုန်းယမ်မြို့နယ်ခွဲထဲက ရွာတွေထဲက ဒုက္ခသည်တွေ။ လိုင်ဇာမှာရှိတဲ့ ဒုက္ခသည်စခန်းတွေ ဆီရောက်လာတာရယ်၊ မိုင်တိုင် ၆ နဲ့ ၈ ရယ် ရောက်လာတာတွေ စုစုပေါင်း တော်တော်များများ ရှိနိုင်တယ်။ နေရာထိုင်ခင်းတွေနဲ့ ကျန်တာ ပုံမှန်ကူညီပေးနေသူတွေပဲ ကူညီပေးနေကြပါတယ်။”

အရင်က တိုက်ပွဲမဖြစ်လို့ ရွာပြန်သွားတဲ့သူတွေလည်း ဒုက္ခသည်စခန်းတွေဆီ ပြန်ရောက်လာနေကြတာလည်း ဖြစ်ပါတယ်။ ကေအိုင်အေတပ်တွေနဲ့ ပူးပေါင်းပြီး အစိုးရတပ်တွေကို တိုက်နေတဲ့ ကျောင်းသား တပ်မတော် မြောက်ပိုင်း(အေဘီအက်စ်ဒီအက်ဖ်)က ကိုယောရှုကတော့ တိုက်ပွဲဖြစ်ပွားနေတဲ့ နေရာ အနီးအနားက  ရွာသားတွေ ထွက်ပြေးနေရတယ်လို့   ပြောပြပါတယ်။

“လိုင်ဇာမြို့၊ ဒုက္ခသည်စခန်းတွေ၊ တချို့တွေလည်း နီးစပ်ရာ မြို့တွေဆီ ထွက်ပြေးကြတယ်။”

ကချင်ပြည်နယ်မှာ  ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် သောင်းနဲ့ချီတဲ့ ဒုက္ခသည်တွေက တရုတ်-မြန်မာ နယ်စပ်က ဒုက္ခသည် စခန်းတွေမှာ ခိုလှုံနေကြရတာပါ။ ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ် ဇွန်လက စပြီး ၁ နှစ်ခွဲ လောက်ကြာနေပြီဖြစ်တဲ့ စစ်ပွဲတွေအတွင်း  ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ စစ်ရှောင်ဒုက္ခသည်ပေါင်း ၇ သောင်းခွဲလောက် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရတယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (ယူအန်အိပ်ခ်ျစီအာ) က ခန့်မှန်းထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013