DVB Logo
Home
မြန်မာသတင်း
ဇေကမ္ဘာကုမ္ပဏီ လယ်သမား ၅ ဦးကို တရားစွဲ
DVB
·
December 17, 2012
ဇေကမ္ဘာကုမ္ပဏီ  လယ်သမား ၅ ဦးကို တရားစွဲ
Donate to DVB

ရန်ကုန်မြို့ မင်္ဂလာဒုံ ဥယျာဉ်မြို့တော်စီမံကိန်းနယ်မြေအတွင်း မူလ လယ်လုပ်ခဲ့သူတွေက မြေကွက်ရိုက်တဲ့ အတွက် ဇေကမ္ဘာကုမ္ပဏီက လယ်သမားတွေကို တရားစွဲလိုက်ပါတယ်။

ဇေကမ္ဘာကုမ္ပဏီက မင်္ဂလာဒုံရဲစခန်းမှာ လူပုဂ္ဂိုလ် ၅ ဦးကို ပိုင်နက်ကျူးလွန်မှု ပုဒ်မ ၄၄၇ နဲ့ တိုင်ချက်ဖွင့်လိုက်တဲ့အတွက် ရဲက ဒီနေ့ ခေါ်ယူစစ်ဆေးနေတယ်လို့ ဇေကမ္ဘာကုမ္ပဏီ အထွေထွေမန်နေဂျာ ဦးမြင့်ဇော်ကပြောပါတယ်။

“ဒီပုဂ္ဂိုလ် ၅ ဦးက ကျနော်တို့ ရန်ကုန်စက်မှုဇုန် အပိုင်း ၃ ထဲမှာ အကွက်နံပါတ် ၃၅၇ နဲ့ ၃၆၄ အထိပေါ့။ နှစ် ၆၀ မြေဂရမ် ရပြီးသားတွေကို သူတို့က ၀င်ရောက်ပြီး အုတ်ခြံစည်းရိုးတွေစိုက်တယ်။ ပေ ၄၀၊ ပေ ၆၀ အကွက်တွေ ရိုက်တယ်။ တဲတွေ ၀င်ထိုးတာပေါ့ခင်ဗျ။. တဲထိုးတော့ ကျနော်တို့ဆီက လုံခြုံရေးနဲ့ လယ်သမားတွေ ပဋိပက္ခဖြစ်မှာစိုးလို့ ပုဒ်မ ၄၄၇ နဲ့စွဲတာ။ အဓိကကတော့ တရားဥပဒေ စိုးမိုးချင်တာပေါ့” လို့ ပြောပါတယ်။

မနှစ် နှစ်ကုန်ပိုင်းကတည်းက သွားရောက်ညှိနှိုင်းရာမှာ မအောင်မြင်တဲ့အတွက် ရဲစခန်းမှာ တိုင်ချက်ဖွင့်တာလို့ ဆိုပါတယ်။ တိုင်ချက်ဖွင့်ခံရသူ ၅ ဦးကတော့ ဦးစံဝင်းမြင့်၊ ဦးသောင်းလွင်၊ ဦးမြင့်သိန်း၊ ဦးနိုင်ဝင်းနဲ့ ဦးဇော်ကြီးတို့ ဖြစ်ပါတယ်။

ဒီနေ့ မင်္ဂလာဒုံရဲစခန်းမှာ ဆင့်ခေါ်အစစ်ခံရတဲ့ ဦးစံဝင်းမြင့်က ၁၉၉၇ ခုနှစ် သူတို့လယ်ယာတွေကို သိမ်းစဉ်က မင်္ဂလာဒုံမြို့တော်ဥယျာဉ်စီမံကိန်းအတွက်လို့ ပြောပြီး ကွင်းအမှတ် ၄၈၈ က လယ်သမား ၁၅၇ ဦးကို မြေကွက်ပေးဖို့ ကတိပေးခဲ့တာကို အကောင်အထည်မဖော်လို့ မြေကွက်ရယူတာဖြစ်တဲ့ အကြောင်း ပြောပြပါတယ်။

န၀တ အကြီးအကဲပိုင်းနဲ့ ရန်ကုန်တိုင်း တိုင်းမှူးတွေပါတဲ့တွေ့ဆုံပွဲမှာ လယ်သမားတွေကို မြေကွက်တွေပေးဖို့ ဆုံးဖြတ်ခဲ့တာလို့ ဆင်ဖုံကျေးရွာအုပ်စု ကွင်းအမှတ် ၄၈၈ က လယ်သမား ဦးစံဝင်းမြင့်က ပြောပါတယ်။

“ဗိုလ်ချုပ် ခင်ညွန့်၊ ဗိုလ်ချုပ် တင်ဦး၊ ဗိုလ်ချုပ် ခင်မောင်သန်း၊ ဗိုလ်ကြီး စံမတူ၊ ဦးအံ့ကျော်ရယ်၊ ဇေကမ္ဘာဦးခင်ရွှေ ရှေ့တင် ပေးလိုက်ပါလို့ ညွှန်ကြားပြီး တီဗီနဲ့ သတင်းစာမှာ ထည့်ကြေညာပြီးသား။ ကတိလည်းရရော ပေ ၂၀၊ ပေ ၆၀ လာပေးတာကို ကျနော်တို့ကို ပေ ၄၀၊ ပေ ၆၀ လုပ်ပါလို့ ပြောလိုက်တော့ တင်ပြဦးမယ်ဆိုပြီး ဒီနေ့အထိ လာမပေးတာ။ အခု ဖြစ်တဲ့ မြေကြီးက ဦးလေးတို့ကို ၁ ဧကကို ၅၄ ပင် ကြက်ဆူပင်စိုက်ပြီး ဦးသန်းရွှေလက်ထက်က ပြန်ပေးသွားတာ။”

မြေကွက်ပြန်ပေးမယ်လို့ ကတိစကားမရကြတဲ့ ကွင်းအမှတ် ၄၈၆ နဲ့ ၄၈၇ က လယ်သမားတွေကတော့ ဦးရေ ၉၀ ကျော်လောက်ရှိတယ်လို့ ဆိုပါတယ်။

ခေါ်ယူစစ်မေးခံရတဲ့ ဦးသောင်းလွင်ကလည်း အဲဒီအချိန်တုန်းက စစ်အစိုးရလက်ထက်မှာ လယ်သမားတွေဟာ ကိုယ်လယ်သိမ်းတာကို ပြန်မပြောရဲဘဲ စောင့်ကြည့်ခဲ့ရပုံကို ပြောပြပါတယ်။

“ဦးတို့လယ်မြေမှာ ဦးတို့လုပ်တာ၊ ပိုင်နက်ကျူးလွန်မှု မဟုတ်ဘူး။ ဇေကမ္ဘာကုမ္ပဏီက မင်္ဂလာဒုံဥယျာဉ်မြို့တော် တည်ဆောက်မယ်ဆိုပြီး သက်ဆိုင်ရာလူကြီးများနဲ့ မြေပုံပေါ်လက်ညှိုးထောက်ပြီး သိမ်းသွားတော့ အဲတုန်းက တို့လယ်သမားတွေက မြို့သစ်စီမံကိန်းဆိုတော့ ဒီတိုင်း လက်ပိုက်ကြည့်နေရတာပေါ့။ ဇေကမ္ဘာကုမ္ပဏီကြီးက နိုင်ငံတော်အကျိုးပြုလုပ်ငန်းများ လုပ်တယ်ဆိုပြီးတော့လေ။ ဦးတို့က အမှတ် ၃ လမ်းမကြီးကနေ စပြီးတော့ ဆင်ဖုံ ငမိုးရိပ်ချောင်းအထိ သူတို့သိမ်းလာလိုက်တာ အဲတုန်းက ဒီအတိုင်းကြည့်နေရတာ၊ တို့လည်း တို့လယ်လုပ် သူတို့လည်း ခြံစည်းရိုးကာ။ နောက် ရောင်းစားလာတဲ့အထိရောက်လာတာ. ဇုန် ၁၊ ၂ နဲ့ ၃၊ ဦးခင်ရွှေ စက်ရုံ ၁ ရုံမှ မရှိဘဲ ရောင်းစားလာတာ။”

ဇေကမ္ဘာကုမ္ပဏီ အထွေထွေမန်နေဂျာ ဦးမြင့်ဇော်ကတော့ လယ်သမားတွေကို မြေကွက်ပေးဖို့ သတ်မှတ်တာဟာ အိုးအိမ်ဦးစီးဌာနဖြစ်ပြီး ဇေကမ္ဘာနဲ့ မသက်ဆိုင်ဘူးလို့ ခုလို ပြောဆိုပါတယ်။

“အဲတုန်းက တိုင်းမှူးရုံးက ဗိုလ်ချုပ်ကြီး ခင်မောင်သန်းလက်ထက်။ အဲတုန်းက မှန်တယ်။ ဗိုလ်မှူးကြီး ဦးစံမတူလက်ထက်မှာ မြေကွက် ပေ ၄၀၊ ပေ ၆၀ ပေးမယ်ဆိုတာက အိုးအိမ်က သတ်မှတ်ပေးသွားတာ။ ဒါကို ဇေကမ္ဘာကို လာတိုင်တာ၊ နေဖို့ပေးတာကိုက ဇေကမ္ဘာအလုပ်မဟုတ်ဘူး။ ဇေကမ္ဘာသည် အိုးအိမ်က တရားဝင်ချထားတဲ့ မြေချပါမစ်မှာ အလုပ်လုပ်သွားတာပဲ။ ကုမ္ပဏီက လုပ်မပေးနိုင်တာကို ကျနော်တို့လည်း လုပ်ပေးလို့မရဘူး။ ဒါတွေအားလုံးက ၁၉၉၇ ခုနှစ်မှာ အသိမ်းခံရတဲ့ လယ်သမားတွေအားလုံးကို. ကျနော်တို့ သိသလောက် မြေကွက်အစားလည်း ပေးခဲ့ပြီးပြီ။”

ဇေကမ္ဘာကုမ္ပဏီက ရွှေနံ့သာလယ်သမားတွေထံက လယ်မြေသိမ်းပြီး စက်မှုဇုန် အကောင်အထည်ဖော်တဲ့ ကိစ္စနဲ့ ပတ်သက်လို့ လယ်သမားဘက်က လိုက်ပါဆောင်ရွက် ပြောဆိုတဲ့ မတူကွဲပြားခြင်းနဲ့ ငြိမ်းချမ်းရေး ပါတီ ဥက္ကဋ္ဌ ဦးနေမျိုးဝေကိုလည်း အသရေဖျက်မှုနဲ့ တရားစွဲထားပြီး လာမယ့် ဒီဇင်ဘာ ၂၆ ရက်နေ့ကျရင် နှစ်ဘက် လျှောက်လဲချက် ပေးကြမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013