A d v e r t i s e m e n t With Us

အစိုးရက သံဃာတော်တွေကို တရားဝင်ဝန်ချတောင်းပန်

လက်ပန်းတောင်းတောင် အရေးအခင်းဖြိုခွင်းမှုမှာ ဒဏ်ရာရသွားခဲ့ကြတာနဲ့ ပတ်သက်ပြီး  သံဃာတော်တွေကို အစိုးရက  မန္တလေးမြို့မှာ  ဒီကနေ့ တရားဝင် ၀န်ချတောင်းပန် လိုက်ပါတယ်။ မန္တလေးတောင်ခြေမှာရှိတဲ့ မဟာအတုလဝေယံ(အတုမရှိကျောင်းတော်ကြီး)မှာ  နိုင်ငံတော်အစိုးရကိုယ်စား ပြည်ထောင်စုဝန်ကြီးတွေက  ဒီဇင်ဘာ ၁၅ ရက် စနေနေ့ မွန်းလွဲပိုင်းမှာ တရားဝင်အခမ်းအနားနဲ့ သံဃာတော်တွေကို  ၀န်ချ တောင်းပန်သွားတာပါ။ သံဃာတော်တွေကို ၀န်ချတောင်းပန်ပွဲကို  အစိုးရအဖွဲ့ကိုယ်စား နိုင်ငံတော်သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးလှထွန်းက ခေါင်းဆောင်တက်ရောက်ပြီး  ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေသက်ခင်၊ မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ်ဦးရဲမြင့်၊ စစ်ကိုင်းတိုင်းဒေသကြီး ၀န်ကြီးချုပ်ဦးသာအေးနဲ့ ရဲချုပ်ကျော်ကျော်ထွန်း စသူတို့ ပါဝင်ပါတယ်။ တောင်းပန်ခံယူတော်မူခဲ့တဲ့ ဆရာတော်တွေကတော့  မန္တလေး မဟာဂန္ဓာရုံကျောင်းတိုက် ဒုတိယနာယကချုပ် ဆရာတော်၊ တောင်ထီးလင်းဆရာတော် ဦးဇောတိကဘိဝံသ၊ ပတ္တမြားကျောင်းတိုက် ဆရာတော်၊ မုံရွာမြို့ရှိ ဇောတိကရာမနဲ့ မြို့မရွှေဂူ ကျောင်းဆရာတော်၊ ပခုက္ကူမြို့မှ ဗောဓိမဏ္ဍိုင် ဆရာတော်၊ ရှင်မတောင် ဆရာတော်နဲ့ ဒဏ်ရာရသံဃာတော်တွေအပါအ၀င် စုစုပေါင်း  သံဃာတော်အပါး ၁၀၀ ကျော်လောက် ရှိပါတယ်။ အစိုးရရဲ့ တောင်းပန်မှုကို သံဃာတော်တွေဘက်ကလည်း လက်ခံပြီး ကျေအေးလိုက်တယ်လို့ ဦးဆောင်သံဃာတပါးဖြစ်တဲ့ ဆရာတော် ဦးသောဘိတက မိန့်ပါတယ်။ “ကျေအေးပါတယ်။ အားလုံး သာဓုခေါ်ကြတယ်။ ဒဏ်ရာရသံဃာတော်တွေရဲ့ ဆရာတော်တွေ မုံရွာ မြို့မဂါတ်ကျောင်းဆရာတော်တို့ကလည်း ဩ၀ါဒပေးတယ်။ ဒါနဲ့ ပတ်သက်ပြီး တောင်းပန်တာကကောင်းတဲ့အကြောင်း၊ ခွင့်လွှတ်ဖို့ ပြောတဲ့အခါ ဆရာတော်တွေက ခွင့်လွှတ်တဲ့ အဓိပ္ပာယ်နဲ့ သာဓု ခေါ်ကြတယ်။” ပြည်ထောင်စုဝန်ကြီး ဦးလှထွန်းနဲ့အဖွဲ့ ကတော့  ၀န်ချတောင်းပန်မှုမလုပ်ခင်  မန္တလေးပြည်သူ့ဆေးရုံမှာ ဆေးဝါးကုသမှုခံယူနေတဲ့ သံဃာတော်များကို သွားရောက်ဖူးမြှော် အားပေးစကားပြောကြားခဲ့တယ်လို့လည်းသိရပါတယ်။ နိုဝင်ဘာလ ၂၉ ရက်နေ့ မနက်က  လက်ပန်းတောင်းတောင် အကြမ်းဖက်ဖြိုခွင်းမှုမှာ သံဃာနဲ့ လူပုဂ္ဂိုလ် ၁၀၀ ကျော်လောက် ဒဏ်ရာရရှိသွားခဲ့တာ ဖြစ်ပြီး သံဃာတော် အများအပြား မီးလောင်ဒဏ်ရာရခဲ့တာ ဖြစ်ပါတယ်။ အစိုးရက တိုင်းဒေသကြီးအဆင့်နဲ့ သာသနာရေးဝန်ကြီးတို့က  သံဃမဟာနာယက ဆရာတော်ကြီးတွေကို တောင်းပန်လျှောက်ထားခဲ့ပြီးဖြစ်ပေမယ့်  သံဃာတွေက လက်မခံဘဲ နိုင်ငံတော်အဆင့် တာဝန်ရှိသူတွေက ဒဏ်ရာရသံဃာတော်တွေကို တိုက်ရိုက် တောင်းပန်ဖို့၊ အပြစ်ကျူးလွန်သူတွေကို အရေးယူဖို့နဲ့ ဖမ်းဆီးထားသူတွေကို ပြန်လွှတ်ပေးဖို့ ပြီးခဲ့တဲ့  ရက်ပိုင်းက မြန်မာနိုင်ငံအနှံ့မြို့ကြီးတွေမှာ လမ်းမတွေပေါ် ကြွချီပြီး ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up