DVB Logo
Home
မြန်မာသတင်း
အိုးဘိုထောင်မှာ ဖမ်းဆီးထားသူတွေကို ပြန်လွှတ်ပေးဖို့ ဗကသတောင်းဆို
DVB
·
December 16, 2012
အိုးဘိုထောင်မှာ ဖမ်းဆီးထားသူတွေကို ပြန်လွှတ်ပေးဖို့ ဗကသတောင်းဆို
Donate to DVB

လက်ပန်းတောင်း ကြေးနီစီမံကိန်းရပ်တန့်ရေး တောင်းဆိုဆန္ဒပြမှုနဲ့ စပ်လျဉ်းပြီး ဖမ်းဆီး ထိန်းသိမ်းထားတဲ့  ကျောင်းသားလူငယ်တွေကို အမြန်ဆုံးပြန်လွှတ်ပေး ဖို့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်နဲ့ သံဃာတော်တွေက ဒီကနေ့ မန္တလးမြို့မှာ သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး တောင်းဆိုလိုက်ပါတယ်။

မန္တလေးအိုးဘိုထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံနေရတဲ့ ဗကသကျောင်းသား ကိုအောင်မှိုင်းဆန်း၊ ကိုသန်းထိုက်နဲ့ ကိုမင်းနိုင်လွင်အပါအ၀င် ကုန်ဈေးနှုန်းကျဆင်းရေးအဖွဲ့က ကိုသိန်းအောင်မြင့်တို့ကို ချက်ချင်းပြန်လွှတ်ပေးဖို့ မန္တလေးမြို့ ဓမ္မိကာရာမတိုက် ကျောင်းတိုက်မှာ ဗကသနဲ့ သံဃာတော်တွေက ဒီကနေ့ မွန်းလွဲပိုင်းမှာ သတင်းစာ ရှင်းလင်းပွဲပြုလုပ်ပြီး တောင်းဆိုလိုက်တာပါ။

[caption id="attachment_34384" align="alignright" width="300" caption="ဒီဇင်ဘာလ ၁၂ ရက်နေ့က မန္တလေးမြို့ ဆန္ဒထုတ်ဖော်ပွဲတွင် တွေ့ရသည့် ကျောင်းသားလူငယ်များ"][/caption]

ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂများအဖွဲ့ ချုပ် ဗဟိုလုပ်ငန်းကော်မတီ ဒု - ဥက္ကဋ္ဌ ကိုမိုးထက်နေက“လက်ရှိ ဖမ်းထားတဲ့ ဗကသကျောင်းသားတွေ၊ တခြား အဖွဲ့အစည်းအသီးသီးက ရဲဘော်တွေကိုလည်း ခြွင်းချက်မရှိ လွှတ်ပေးဖို့ တောင်းဆိုတယ်”လို့ပြောပါတယ်။

ဖမ်းဆီးထိန်းသိမ်းခံထားရသူတွေကို ချက်ချင်းလွှတ်ပေးဖို့ အပြင် တရားမျှတမှုမရှိတဲ့ ပုဒ်မ ၁၈ ကို အမြန်ဆုံးပြင်ဆင်ပေးဖို့၊ တရားမဲ့ဖမ်းဆီးမှုတွေနဲ့ အကြမ်းဖက်ကိုင်တွယ်မှုတွေ မြန်မာတနိုင်ငံလုံးမှာ ထပ် မကျူးလွန်ဖို့၊ ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို ပုဒ်မအမျိုးမျိုးတပ်ပြီး တရားစွဲဆိုထားတဲ့ အမှုတွေပိတ်ပေးဖို့ စတဲ့အချက်တွေကိုလည်း ဗကသများအဖွဲ့ချုပ်က ဒီကနေ့ ကြေညာချက် ထုတ်ပြန် တောင်းဆိုထားပါတယ်။

ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်သူတွေကို ဖမ်းဆီးအရေးယူရာမှာအသုံးပြုတဲ့ ပုဒ်မ  ၁၈ ဟာ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ခွင့်ကို အာမခံမပေးဘဲ အာဏာပိုင်တွေက လိုတမျိုး၊ မလိုတမျိုး အသုံးပြုနေတဲ့ပုဒ်မ ဖြစ်တယ်လို့   ကိုမိုးထက်နေက ပြောပါတယ်။

“ပုဒ်မ ၁၈ ကို ပြုပြင်ဖို့ တောင်းဆိုတယ်။ ပုဒ်မ ၁၈ သည် ခွင့်ပြုမိန့်ကို မြို့နယ်မှူးတယောက်က ပေးချင်လည်း ရတယ်၊ မပေးချင်လည်း ရတယ်။ နောက် သမ္မတကြီး ထောက်ခံပွဲတုန်းက ပုဒ်မ ၁၈ ကို ဖောဖောသီသီ ပေးတယ်။ အစိုးရကို တောင်းဆိုဖို့၊ တခုခု အရေးဆိုဖို့ ကိစ္စတွေဆိုရင် ဘယ်တုန်းကမှ မပေးခဲ့ဘူး။ အဲတော့ ပုဒ်မ ၁၈ ဟာ ကျနော်တို့ နားလည်တာကတော့ လွတ်လပ်စွာဆန္ဒပြခွင့်ဥပဒေကို ထိန်းချုပ်ထားတယ်လို့ မြင်တယ်။ သူသည် ကြိုတင်တားဆီးဖို့ရယ်။ တကယ်လို့ တားတဲ့ကြားကလုပ်ရင် တရားစွဲဖို့။ အဲ အချက် ၂ ချက်ကိုပဲ ပုဒ်မ ၁၈ က အာမခံနိုင်တယ်။ လွတ်လပ်စွာဆန္ဒထုတ်ဖော်ခွင့်ကို တကယ် အာမခံမှု မပေးနိုင်ဘူးလို့ ယူဆပါတယ်။”

လက်ပန်းတောင်းအရေး အကြမ်းဖက်ဖြိုခွင်းမှု ဒဏ်ရာရသံဃာတော်တွေကို နိုင်ငံတော်အစိုးရက စနေနေ့ က တရားဝင် တောင်းပန်လိုက်တာနဲ့ ပတ်သက်ပြီး သံဃာတော်တွေက ဗကသကျောင်းသားတွေနဲ့အတူ ပူးပေါင်းပြီး  ဒီကနေ့ မီဒီယာတွေနဲ့ တွေ့ဆုံရှင်းလင်းမှုပြုလုပ်ခဲ့တာပါ။

သံဃာတော်တွေကလည်း ဖမ်းဆီးထားတဲ့ကျောင်းသားတွေကို ပြန် လွှတ်ပေးဖို့ မြန်မာအစိုးရ တာဝန်ရှိသူတွေကို တောင်းဆိုထားတယ်လို့ သပိတ်မှောက် ဦးဆောင် သံဃာတော် တပါးဖြစ်တဲ့ ဂဠုန်နီ ဆရာတော် ဦးကာဝိရက မိန့် ပါတယ်။

“မနေ့က လွှတ်ပေးဖို့ တောင်းဆိုလိုက်တယ်လေ။ သူတို့လည်း လွှတ်ပေးပါမယ်လို့တော့ ပြောသွားတယ်။ ၀န်ကြီးချုပ်တွေရော၊ ရဲချုပ်တွေရော အတတ်နိုင်ဆုံးကြိုးစားပါမယ် အရှင်ဘုရား၊ စိတ်မစောပါနဲ့လို့တော့ လျှောက်သွားတယ်။ ဘယ်အချိန် ဘယ်ကာလ လွှတ်ပေးမလဲတော့ ပြောမသွားဘူး။”

အိုးဘိုထောင်မှာ ထိန်းသိမ်းခံထားရတဲ့ ကျောင်းသားလူငယ်တွေဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၂ ရက်နေ့က ရန်ကုန်၊ မန္တလေးနဲ့ မြန်မာနိုင်ငံ မြို့ကြီးအနှံ့ဖြစ်ပွားခဲ့တဲ့ သံဃာ့အထွေထွေသပိတ်မှာ ပါဝင်ဆင်နွှဲခဲ့ကြတာဖြစ်ပါတယ်။ ဆန္ဒပြပြီးနောက်တနေ့ ဒီဇင်ဘာ ၁၃ ရက်နေ့မှာ ဖမ်းဆီးခံခဲ့ရပြီး ခွင့်ပြုချက်မယူဘဲ ဆန္ဒပြမှု ပုဒ်မ ၁၈နဲ့ တရားစွဲခံနေရတာပါ။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013