DVB Logo
Home
မြန်မာသတင်း
လူကုန်ကူးမှု ပညာပေးဂီတဖျော်ဖြေပွဲ ပြည်သူ့ရင်ပြင်မှာကျင်းပ
DVB
·
December 16, 2012
လူကုန်ကူးမှု ပညာပေးဂီတဖျော်ဖြေပွဲ ပြည်သူ့ရင်ပြင်မှာကျင်းပ
1 / 2
Donate to DVB

မြန်မာနိုင်ငံလူကုန်ကူးမှု တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့နဲ့ MTV EXIT တို့ပူးပေါင်းပြီး လူကုန်ကူးမှု အန္တရာယ် အသိပညာပေး အခမဲ့ တေးဂီတဖျော်ဖြေပွဲကို  ဒီဇင်ဘာလ ၁၆ ရက်နေ့ညက ရန်ကုန်မှာ ကျင်းပရာမှာ ပရိတ်သတ် ၅ သောင်းကျော်လောက်အားပေးခဲ့ကြပါ တယ်။

ရွှေတိဂုံဘုရားခြေတော်ရင်းက ပြည်သူ့ ရင်ပြင်မှာ ကျင်းပတဲ့ဂီတဖျော်ဖြေပွဲမှာ ဂရမ်မီဆုရှင် အမေရိကန်အဆိုတော် ဂျေဆင်မရက်ဇ်နဲ့အတူ  မြန်မာအဆိုတော်တွေ ဖြစ်တဲ့ R ဇာနည်၊ လင်းလင်း၊ ဖြူဖြူကျော်သိန်း၊ စိုင်းစိုင်းခမ်းလှိုင်၊နန္ဒစိုင်း၊ဖြိုးကြီး၊ချမ်းချမ်းနဲ့ ချစ်သုဝေစ သူတို့လည်း ပါဝင်သီဆိုသွားပါတယ်။

အဆိုတော် R ဇာနည်က “ကျနော်တို့က ပုံမှန်ဆိုနေတဲ့ သီချင်းတွေနဲ့ ဖျော်ဖြေမယ်။ နောက် ပရိသတ်ကို စကားပြောတာလေးတွေ ရှိမယ်။ လူကုန်ကူးမှုပပျောက်ရေး ၀ိုင်းဝန်း ကူညီဆောင်ရွက်ပေးကြဖို့ တိုက်တွန်းတာမျိုး ပြောဖို့ရှိတယ်။ နောက် လူကုန်ကူးမှုနဲ့ ပတ်သက်တဲ့ သီချင်း ၁ ပုဒ် ကျနော် ဆိုထားတယ်၊ တေးရေးဆရာ မြင့်မိုးအောင် ရေးပေးထားပြီး ရိုက်ကူးထားတဲ့ ဗီဒီယိုကို ဒီပွဲမှာ ဖွင့်ပြမယ်။”လို့ ဒီဗွီဘီကိုပြောပါတယ်။

မြန်မာအဆိုတော် R ဇာနည်နဲ့ ဖြူဖြူကျော်သိန်းတို့ ဟာ  အရင်ကတည်းက MTV EXITရဲ့ လူကုန်ကူးမှုတိုက်ဖျက်ရေး ပညာပေးအစီအစဉ်တွေမှာ ပါဝင်ဆောင်ရွက် နေတာဖြစ်ပါတယ်။

အခုလို မြန်မာနိုင်ငံမှာ ကျင်းပတဲ့ ဂီတ ဖျော်ဖြေပွဲမှာ  ပါဝင် ဖျော်ဖြေခွင့်ရတဲ့အပေါ် Rဇာနည်က  “အခုလို လူမှုရေးကိစ္စတွေ လုပ်ရတာဟာ ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေအနေနဲ့ ဒါ အရမ်းကို ကောင်းမွန်တဲ့ ကုသိုလ်ရတဲ့ အလုပ်ကို လုပ်ရလို့ အတိုင်းမသိ ၀မ်းသာပါတယ်။ နောက် ကျနော်တို့ အနုပညာရှင်တွေဘက်က ကြည့်မယ်ဆိုရင် ကမ္ဘာကျော် အမေရိကန် အဆိုတော် ဂျေဆင်မရက်ဇ်တို့၊ ထိုင်းက နာမည်ကြီး အဆိုတော်တွေနဲ့ တွဲပြီး ဖျော်ဖြေခွင့်ရလို့ အမှတ်တရဖြစ်ပြီး အင်မတန် ဂုဏ်ယူပါတယ်။ မြန်မာပြည်မှာ ဒီလောက်ကြီးတဲ့ ဂီတပွဲတော်ကြီး ကျနော့်ဘ၀မှာ ဒါပထမဆုံးတွေ့ကြုံဖူးတာပါ။”လို့ပြောပါတယ်။

လူကုန်ကူးမှုအန္တရာယ် အသိပညာပေး တေးဂီတ ဖျော်ဖြေပွဲတွေကို MTV EXIT အဖွဲ့က ထိုင်း၊ ဗီယက်နမ်၊ ဖိလစ်ပိုင်စတဲ့ ဒေသတွင်းနို်င်ငံတွေမှာ နှစ်စဉ် လှည့်လည်ကျင်းပနေတာဖြစ်ပြီး   မြန်မာနိုင်ငံမှာတော့ ပထမဆုံးအကြိမ်ကျင်းပတာ ဖြစ်ပါတယ်။

ရန်ကုန်မှာကျင်းပတဲ့ဖျော်ဖြေပွဲအတွက် လုံခြုံရေးကို  မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်က တာဝန်ယူဆောင်ရွက်ပေးသလို ကမ္ဘာကျော်အဆိုတော် ဂျေဆင်မရက်ဇ်အတွက်လည်း နိုင်ငံခြားက လုံခြုံရေးတွေ တာဝန်ယူတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာကျင်းပတဲ့ ဒီ ဂီတဖျော်ဖြေပွဲကို  mtvexit.org ၀က်ဘ်ဆိုက် ယူကျု့ချန်နယ်ကနေ ကမ္ဘာ တ၀န်းလုံးကိုလည်း တိုက်ရိုက် ထုတ်လွှင့်ပြသပါတယ်။

လူကုန်ကူးမှုဟာ ရာဇ၀တ်မှုဖြစ်ပြီး  ကမ္ဘာတ၀န်းလုံးမှာ လူပေါင်း ၂ သန်းခွဲလောက် လူကုန်ကူးခံနေရတယ်လို့ ကုလသမဂ္ဂကက ခန့်မှန်းထားပါတယ်။ ဒီထဲကမှ တ၀က်လောက်ဟာ မြန်မာနိုင်ငံ အပါအ၀င် အာရှနဲ့ ပစိဖိတ် ဒေသကဖြစ်ပြီး  လူကုန်ကူးခံရသူ အများစုဟာ အမျိုးသမီးနဲ့ ကလေးငယ်တွေ ဖြစ်တယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013