အဖမ်းအဆီး အစစ်အဆေးများစတင်

3.1K
လက်ပန်းတောင်းတောင် သပိတ်စခန်းဖြိုခွင်းတဲ့အပေါ် မကျေနပ်တဲ့ အထွေထွေသပိတ် စတင်ပြီး နောက်တရက် ဒီဇင်ဘာ ၁၃ ရက်နေ့ ညမှာ အစိုးရဘက်က ဒီသပိတ်မှာ ပါဝင် ပတ်သက်သူ ကျောင်းသားနဲ့ အရပ်သားတွေကို စတင်ခေါ်ယူ စစ်မေးနေပါပြီ။။
လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း ဆန္ဒပြပွဲတွေနဲ့ ဆက်စပ်ပြီး မန္တလေးမြို့မှာ ဒီဇင်ဘာ ၁၃ ရက် ညက ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်ဝင် ကိုအောင်မှိုင်းဆန်းကို အမှတ် ၁၀ ရဲစခန်းကို ခေါ်ဆောင်သွားတယ်လို့ ဗကသ ကျောင်းသားတဦးက ပြောပါတယ်။
ည ၈ နာရီ ၁၅ မိနစ်မှာတော့ မဟာအောင်မြေမြို့နယ် နယ်မြေခံနယ်ထိန်းရဲက ကုန်ဈေးနှုန်းကျဆင်းရေးအဖွဲ့က ကိုသိန်းအောင်မြင့်ကို မဟာအောင်မြေမြို့နယ်နေအိမ်ကနေ အမှတ် ၇ ရဲစခန်းကို လာခေါ်သွားတယ်လို့ ဇနီးသည် ဒေါ်ခက်ခက်တင်က ပြောပါတယ်။ ခရိုင်မှူး ၁ က မေးစရာရှိတယ်လို့ ပြောဆို ပြီး ဖမ်းဝရမ်းမပါဘဲ ခေါ်ဆောင်သွားတာလို့ သူက ပြောဆိုပြီး လတ်တလော ဖြစ်ပွားနေတဲ့ လက်ပန်းတောင်းတောင် ဆန္ဒပြပွဲတွေနဲ့ ပတ်သက်နိုင်တယ်လို့ ခန့်မှန်းပြောဆိုပါတယ်။
အဲဒီညမှာပဲ မန္တလေးမြို့မှာ ဗကသကျောင်းသား ကိုကျော်ကြီးကို ရဲက ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သံဃာ အသိုင်းအ၀ိုင်းထံက သိရပါတယ်။ အထွေထွေသပိတ်ကို ဦးဆောင်တဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာလှုပ်ရှားမှု ဦေးဆာင်ကော်မတီက ပြောခွင့်ရ သံဃာကို မေးမြန်းကြည့်ရာမှာတော့ ဒီနေ့မနက်ပိုင်းအထိ သံဃာအဖမ်းအဆီးခံရတာ မကြားသိရသေးဘူးလို့ မိန့်ကြားပါတယ်။ မြင်းခြံနဲ့ မုံရွာမှာတော့ ကျောင်းသားတချို့ကို အဖမ်းအဆီးကြားတယ်လို့ မိန့်ပါတယ်။
ဒီဇင်ဘာ ၁၄ မနက် ၉ နာရီခွဲခန့်မှာ မုံရွာမြို့က ဒေါ်နုနဲ့ ဗကသကျောင်းသား ကိုရဲရင့်ကျော်ကို ရဲအထူးသတင်းတပ်ဖွဲ့ (အက်စ်ဘီ)က လာရောက်ခေါ်ယူနေကြောင်းနဲ့ အထူးသတင်းတပ်ဖွဲ့က ရဲတွေ စောင့်ဆိုင်းနေကြောင်း ဒေါ်နုက ပြောပါတယ်။
ဒေါ်နုနဲ့ လာရောက် ခေါ်ဆောင်တဲ့ သတင်းရဲတပ်ဖွဲ့ဝင်ကို မေးမြန်းထားပါတယ်။