ချင်းအမျိုးသားတပ်ဦးနဲ့ ကလေးမြို့ခံတွေ တွေ့ဆုံ
နော်နိုရင်း
·
December 13, 2012
အစိုးရနဲ့ ပြည်ထောင်စုအဆင့်တွေ့ဆုံဆွေးနွေးပြီးဖြစ်တဲ့ ချင်းအမျိုးသားတပ်ဦးရဲ့ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ဟာ ဒီကနေ့မှာတော့ စစ်ကိုင်းတိုင်း ကလေးမြို့ကို ပြန်သွားကြပြီး ကလေး-ကဘောဒေသရှိ ချင်းပြည်သူလူထုတွေနဲ့ တွေ့ဆုံဆွေးနွေးကြပါတယ်။
တွေ့ဆုံဆွေးနွေးချက်တွေနဲ့ ပတ်သက်ပြီး စီအန်အက်ဖ်အဖွဲ့က ဦးရာဟင်းက “ဒီနေ့ ကလေး-ကဘောမှာရှိတဲ့ ချင်းလူမျိုးတွေ၊ ဖလမ်း၊ ဟားခါး၊ တီးတိန်ဘက်က ပြည်သူတွေ အားလုံး စုပေါင်းပြီး ကျနော်တို့ကို လေဆိပ်မှာ လာကြိုကြတယ်။ အခု တောင်ခလာ ဟောခန်းမှာ အကုန်လုံးနဲ့ ကျနော်တို့တွေ အစိုးရနဲ့ သဘောတူညီချက်တွေကို ရှင်းပြပြီး တွေ့ဆုံနေတယ်။ သူတို့တွေ ကြိုဆိုမှုအပေါ် ၀မ်းသာစကားပြောဖြစ်ကြတယ်။”လို့ပြောပါတယ်။
ချင်းအမျိုးသားတပ်ဦးနဲ့ အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ်တို့ ဒုတိယအကြိမ်မြောက် ပြည်ထောင်စုအဆင့်ဆွေးနွေးပွဲကို ဒီဇင်ဘာ ၇ ရက်နေ့ကနေ ၉ ရက်နေ့အထိ ၃ ရက်တာ ဆွေးနွေးခဲ့ကြပြီး သဘော တူညီချက် ၂၇ ချက်ကို သဘောတူ လတ်မှတ်ရေးထိုးနိုင်ခဲ့ကြပါတယ်။
စစ်မှန်တဲ့ဖယ်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်ရေး၊ ဒီမိုကရေစီရေးအတွက် နှစ်ပေါင်း ၂၀ ကျော် တိုက်ပွဲဝင်ခဲ့တဲ့ ချင်းအမျိုးသားတပ်ဦးဟာ ပြီးခဲ့တဲ့ ဇန်န၀ါရီလက အစိုးရနဲ့ အပစ်ခတ်ရပ် လက်မှတ်ရေးထိုးခဲ့ပြီး မေလထဲမှာ ပထမအကြိမ် ပြည်ထောင်စုအဆင့် ဆွေးနွေးခဲ့ပါတယ်။