DVB Logo
Home
ဆောင်းပါး
စိန်ခေါ်မှုအခက်အခဲတွေကြားထဲက ဒေါ်အောင်ဆန်းစုကြည်ကို ၀န်းရံပေးကြပါ
DVB
·
December 13, 2012
စိန်ခေါ်မှုအခက်အခဲတွေကြားထဲက ဒေါ်အောင်ဆန်းစုကြည်ကို ၀န်းရံပေးကြပါ
Donate to DVB

လက်ရှိ မြန်မာနိုင်ငံထဲမှာ ဖြစ်ပေါ်နေတဲ့ အကြီးမားဆုံး ပြဿနာကတော့ လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းနဲ့ ဆက်စပ်ပတ်သက်ပြီး ဖြစ်ပေါ်လာတဲ့ ပြဿနာတွေပဲ ဖြစ်ပါ တယ်။ အားလုံးသိကြတဲ့အတိုင်း ကြေးနီစီမံကိန်း ရပ်ဆိုင်းပေးဖို့ ဆန္ဒပြကြ၊ သံဃာတော်တွေ ဦးဆောင်ပြီး သပိတ်စခန်းဖွင့်ကြ၊ သပိတ်စခန်းတွေကို အစိုးရဘက်က အကြမ်းဖက်နှိမ်နင်းတဲ့အခါ သံဃာတော်တွေ မီးလောင်ဒဏ်ရာ ရကြ၊ တခါ ဒီလို မီးလောင်ဒဏ်ရာရခဲ့တဲ့ အဖြစ်အပျက်နဲ့ ပတ်သက်ပြီး ဆန္ဒတွေပြန်ပြကြနဲ့ ပြဿနာရဲ့ အထွတ်အထိပ် အခြေအနေကို ရောက်လာခဲ့တာ ဖြစ်ပါတယ်။

ဒီလို နိုင်ငံအတွက် ကြီးမားတဲ့ အကျပ်အတည်း ပြဿနာ ဖြစ်ပေါ်လာချိန် ပြဿနာ အလည်ခေါင်တည့်တည့် ရောက်သွားသူကတော့ ပြည်သူ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဖြစ်ပါတယ်။

ကြေးနီစီမံကိန်းနဲ့ ဆက်စပ်တဲ့ ပြဿနာတွေအတွက် စုံစမ်းရေးကော်မရှင်ဖွဲ့တော့ အစိုးရက ဒေါ်စုကို ဥက္ကဋ္ဌ တာဝန်ပေးခဲ့ပါတယ်။ ဒီ ခက်ခဲလှတဲ့ တာဝန်ကို ဒေါ်အောင်ဆန်းစုကြည်ကလည်း ရှောင်လွှဲ မသွားခဲ့ပါဘူး။ ရှောင်လွှဲမသွားရုံမက ပြဿနာကို နိုင်ငံအတွက် ဂုဏ်သိက္ခာရှိတဲ့ ဖြေရှင်းနည်းမျိုးဖြစ်အောင် ဖြေရှင်းမယ် ဆိုပြီးလည်း ကတိပေးခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ စုံစမ်းရေးကော်မရှင် ဥက္ကဋ္ဌ တာဝန် လက်ခံလိုက်ချိန်က စပြီး စိန်ခေါ်မှု အသစ်တွေ စပြီး ပေါ်ပေါက်လာတယ်ဆိုရင်လည်း မမှားပါဘူး။

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ မုံရွာ လက်ပန်းတောင်းတောင်ဘက်ကို ရောက်ချိန်၊ မုံရွာမှာ သတင်းစာရှင်းလင်းပွဲ လုပ်ချိန်၊ ရန်ကုန်မှာ သတင်းစာရှင်းလင်းပွဲ လုပ်ချိန် သတ္တိရှိရှိ ပြောဆိုခဲ့တဲ့ စကားတွေကိုတော့ ဘယ်ဘက် တဖက်ကမှ ကျေနပ်တာ မတွေ့ရပါဘူး။ အဲဒီနေရာတွေမှာ ဒေါ်အောင်ဆန်းစုကြည် ပြောဆိုခဲ့တာတွေက ပြဿနာကို ချဉ်းကပ်တဲ့နေရာမှာ သဘောထားကြီးကြီးနဲ့ နောက်ဆုံးကျတော့ အမျိုးသားရင်ကြားစေ့ရေးကို ဦးတည်ပြီး ချဉ်းကပ်မယ်၊ စီမံကိန်းမှာ တရုတ်နိုင်ငံ ပါဝင်နေတာနဲ့ ပတ်သက်ပြီး နိုင်ငံတကာရဲ့ လုပ်ထုံးလုပ်နည်းတွေ အရဆိုရင် နှစ်နိုင်ငံကြားထဲမှာ ယူထားတဲ့ သဘောတူညီချက်တွေကို လေးစားရတယ်၊ လိုက်နာရတယ်၊ ပြဿနာတွေကို စေ့စပ်ညှိနှိုင်းတဲ့ နည်းနဲ့ အဖြေရှာတတ်ရမယ် စတာတွေ ဖြစ်ပါတယ်။

တကယ်တော့ ဒေါ်အောင်ဆန်းစုကြည်ဟာ သာမန်လူပြိန်းနိုင်ငံရေးသမားတွေလို ကြေးနီတောင်စီမံကိန်း ရပ်ဆိုင်းပစ်မယ်၊ တရုတ်ရင်းနှီးမြှုပ်နှံမှုတွေ ထွက်သွားစေရမယ် ဆိုတဲ့ စကားမျိုး မပြောဆိုခဲ့ပါဘူး။ တဖက်ကလည်း တရုတ်ရင်းနှီးမြှုပ်နှံမှုနဲ့ စစ်တပ်ပိုင် ဦးပိုင်ကုမ္ပဏီရဲ့ အကျိုးစီးပွားကို ကာကွယ်ပါ့မယ်လို့ ကတိ မပေးခဲ့ပါဘူး။ ပြဿနာကို မှန်မှန်ကန်ကန် ဘက်မလိုက်ဘဲ စုံစမ်းဖော်ထုတ်မယ် ဆိုတာကိုသာ ပြောခဲ့ပါတယ်။ ဒီအတွက်လည်း ဒေါ်အောင်ဆန်းစုကြည်ကို တိုးတိုးတမျိုး၊ ကျယ်ကျယ်တဖုံ ဝေဖန် ဆန့်ကျင်မှု စတင် ထွက်ပေါ်နေပြီ ဖြစ်ပါတယ်။

အခုတပတ်ထုတ် ၀ီးကလီးအလဲဗင်းဂျာနယ်မှာ မောင်သွေးချွန်က ဆောင်းပါး ၁ ပုဒ် ရေးပါတယ်။ ဆောင်းပါးထဲမှာ ဒေါ်အောင်ဆန်းစုကြည် ပြောတာတွေကို ကိုးကားပြီး ဒေါ်စုဟာ “သဘောထားကြီးပါ၊ သည်းခံပါ၊ စိတ်ရှည်ပါ၊ နိုင်ငံကြီးသား ပီသပါ။ ဆိုတာတွေကို ပြည်သူတွေကိုပဲ ပြောနေတာ ဖြစ်ပြီး ၀မ်ပေါင်နဲ့ ဦးပိုင်ဘက်ကိုတော့ မြှားဦးတောင် မလှည့်ရဲခဲ့ရှာဘူး” ဆိုပြီး ဝေဖန်ပါတယ်။ အလားတူ အစိုးရရဲ့ လုပ်ရပ်ကို မိစ္ဆာဒိဋ္ဌိတွေရဲ့ လုပ်ရပ်လို့ ကင်ပွန်းတပ်လိုက်ပြီး “မိစ္ဆာဒိဋ္ဌိတွေရဲ့ အလုပ်တွေထဲမှာ ဒေါ်အောင်ဆန်းစုကြည် ရော မျောပါနေပြီလား” ဆိုပြီးတော့လည်း ခပ်ရိုင်းရိုင်း မေးခွန်းထုတ်လိုက်ပါသေးတယ်။ နောက်ဆုံး “ဒေါ်စုပြောခဲ့တာတွေကို စိစစ်ကြည့်လိုက်ရင် ဦးပိုင်နဲ့ ၀မ်ပေါင် တရုတ်ကုမ္ပဏီဘက်က မသိမသာ ရပ်တည်ပြောဆိုနေကြောင်း တွေ့ရပါတယ်” ဆိုပြီး မတရား စွပ်စွဲလိုက်ပါသေးတယ်။

အလားတူ ရန်ကုန်က ဆန္ဒပြသူ တချို့ကလည်း ဒေါ်စုအနေနဲ့ ကြေးနီစီမံကိန်း ရပ်တန့်ဖို့ မပြောတာကို သဘောမကျကြသလို တရုတ်သံအမတ်ကြီးကလည်း ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ စုံစမ်းရေး ကော်မရှင်ရဲ့ တွေ့ရှိချက်တွေကို စောင့်ကြည့်ဦးမယ်၊ မှန်ကန် မျှတတဲ့ အဖြေဖြစ်ရင်တော့ လက်ခံမယ် ဆိုပြီး ပြောဆိုပါတယ်။

လက်ရှိ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး နိုင်ငံရေးသမား တချို့ကတော့ မြန်မာနိုင်ငံ ဒီမိုကရေစီ ပြောင်းလဲမှု နောက်ပြန်လှည့်သွားမလား ဆိုပြီး စိုးရိမ်သူက စိုးရိမ်နေကြပါပြီ။ တကယ်တော့ ဒီအရေးမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ပြဿနာကို ဒေသခံပြည်သူတွေ အပါအ၀င် ပြည်သူတရပ်လုံးနဲ့ နိုင်ငံ အကျိုးရှေးရှုပြီး တရုတ်ကုမ္ပဏီရော ဦးပိုင်ပါ မနစ်နာရလေအောင် သမာသမတ် ကျကျ မှန်မှန်ကန်ကန် ဖြေရှင်းပေးနိုင်လိမ့်မယ် ဆိုတာ ယုံမှားသံသယ ဖြစ်စရာ မလိုပါဘူး။ ဒီအတွက် ဒေသခံနဲ့ ပြည်သူတွေရဲ့ အမျက်ဒေါသကို ထိန်းပေးနိုင်တာလည်း တိုင်းပြည်မှာ ဒေါ်အောင်ဆန်းစုကြည် တယောက်သာ ရှိပါတယ်။

ဒါကြောင့် ခက်ခဲတဲ့ ပြဿနာကို ရင်ဆိုင်ကျော်လွှားဖို့ ကြိုးစားနေရတဲ့ ဒေါ်အောင်ဆန်းစုကြည် ကို ၀န်းရံပြီး တတ်နိုင်တဲ့ဘက်က ကူညီကြဖို့ လိုပြီ ဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013